DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လာဟီဆင်နှင့် လန်ဆယ်ကို ထိုးစစ်ဆင်ရန် ခေါင်လန်ဖူး၌ အင်အားဖြည့်တင်း
DVB
·
January 15, 2026
စစ်တပ်က လာဟီဆင်နှင့် လန်ဆယ်ကို ထိုးစစ်ဆင်ရန် ခေါင်လန်ဖူး၌ အင်အားဖြည့်တင်း
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနပြည်သူ့စစ် ပူးပေါင်းတပ်တွေက စစ်အင်အားဖြည့်တင်းပြီး လာဟီဆင်နဲ့ လန်ဆယ်ဘက်ကို ထိုးစစ်ဆင်ဖို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်တွေက မချမ်းဘော့ - ခေါင်လန်ဖူးလမ်းပိုင်းကိုလည်း ဇန်နဝါရီ ၆ ရက်ကစပြီး စစ်အင်အားဖြည့်တင်းနေသလို လမ်းတလျှောက်ရှိ ကျေးရွာတချို့မှာလည်း ဝင်ရောက်တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒေသခံစစ်ရေးသတင်းရင်းမြစ်က “ပူတာအို ခလရ ၄၆ ကနေ ခေါင်လန်ဖူးဘက်ပို့ထားတဲ့ စစ်သားတွေ လက်နက်တွေကို ခေါင်လန်ဖူးမြို့ပြင်ဘက်က ရှေ့တန်းစခန်းတွေဆီ ပို့နေတာတော့ သိရတယ်။ ဆိုင်ကယ်နဲ့ ပို့ကြတာတွေ့ရတယ်ပေါ့။ စစ်ရေးကတော့ မထူးသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပူတာအိုဘက်က ၂၀၀ ကျော် လာပို့သွားတယ်၊ ခေါင်လန်းဖူးကိုပေါ့။ ပြီးရင် သူတို့ ခြေလျင်နဲ့ ဟိုသွားဒီသွားတော့ တွေ့ရတတ်တယ်”လို့ ပြောပါတယ်။

ခေါင်လန်းဖူးဘက်ကို ပို့ဆောင်ထားတဲ့ ပြည်သူ့စစ်အင်အားတွေထဲ ပူတာအိုနဲ့ နောင်မွန်မြို့နယ်ထဲက ပြည်သူ့စစ်ထဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ စစ်တပ်က ခေါင်လန်ဖူးမြို့နယ်ဘက်ကို Y8 ထောက်ပို့လေယာဉ်နဲ့ စစ်အင်အား ပို့ဆောင်ထားပြီးနောက် စစ်ကြောင်းလှုပ်ရှားမှု ခပ်စိပ်စိပ် ရှိနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ဇန်နဝါရီ ၁၀ ရက်နေ့က ဆိုရင် မနက်ပိုင်း ကားကြီး ၆ စီးနဲ့ပေါ့။ သူတို့ကား ၅ စီး၊ အရပ်ကား တုန်ဖုံး တစီးနဲ့ စုစုပေါင်း ၆ စီးနဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတယ်။ ဗျူဟာက ထွက်လာပြီး မချမ်းဘောဘက်ကို ဖြတ်တယ်။ မချမ်းဘောကနေ ရှင်ဂိုင်ယန်၊ လွယ်ယန်ဘက်ကို ဆင်းလာတယ်။ ညနေဘက်ကျတော့ မချမ်းဘောဘက် ပြန်တက်သွားတယ်။ မချမ်းဘောကနေ နော့မုန်းဘက် တက်သွားတယ်လို့တော့ သတင်းရတယ်။ ခြေလျင်ပေါ့။ အဲဒီလိုပြောလို့ ရတယ်။”

စစ်ကောင်စီတပ်က မနှစ်က စက်တင်ဘာလမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ရှုံးနိမ့်ခဲ့တဲ့နောက်ပိုင်းမှာတော့ ခေါင်လန်ဖူးမြို့ပေါ်မှာ ပူတာအို ခ.လ.ရ ၄၆ တပ်ထဲက ဗျူဟာမှူးကိုယ်တိုင် ထိုင်ပြီး စစ်ရေးကွပ်ကဲနေတယ်လို့လည်း သိရပါတယ်။

စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ခေါင်လန်ဖူး၊ ဆော့လော်မြို့နယ် အစပ်ထဲက လာဟီဆင်စခန်းနဲ့ လန်ဆယ်ရွှေမှော်ဒေသတွေကို ပြန်လည်သိမ်းပိုက်ဖို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက အင်အား ၄၀၀ ကျော်နဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ အရေးနိမ့်ပြီး ပြန်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်ဆန်းပိုင်းမှာ လာဟီဆင်နဲ့ လန်ဆယ်ဘက်ကို ထိုးစစ်ပြန်ဆင်ဖို့ စစ်ရေးပြင်ဆင်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

လာဟီဆင်စခန်းဟာ ခေါင်လန်ဖူးဒေသကနေ လန်ဆယ်၊ ချီဖွေ၊ ပန်ဝါဘက်တွေအထိ ကုန်းကြောင်းကနေ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာကြောင့် စစ်ကောင်စီတပ်အတွက် အရေးပါသလို တဖက်မှာလည်း လန်ဆယ်၊ ချီဖွေနဲ့ ပန်ဝါတို့ကို ထိန်းချုပ်ထားတဲ့ KIA နဲ့ ပူးပေါင်းတပ်တွေအတွက်လည်း စစ်ရေးအရ အရေးပါနေတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ လာဟီဆင်စခန်းကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး လန်ဆယ်မြို့ကိုတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013