
ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ဇန်နဝါရီ ၁၄ ရက် ဒီမနက် ၉ နာရီကျော်က ခရီးသည်တင်ရထားတစီး ဆောက်လက်စအမြန်ရထားလမ်းစီမံကိန်းအောက် ဖြတ်မောင်းလာစဉ် အပေါ်မှ ကြီးမားတဲ့ ကရိန်းပြိုကျလာပြီး ခရီးသည် ၂၂ ယောက် သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါရထားမှာ ဘန်ကောက်မှ ဥဘွန်းရာ့ချ်ဌာနီခရိုင်ကို ဦးတည်ခုတ်မောင်းနေပြီး ရထားတွဲ ၃ တွဲမှာ ခရီးသည်ပေါင်း ၂၀၈ ယောက် စီးနင်းလိုက်ပါလာတယ်၊ တချို့ကတော့ ကြားဘူတာမှာတက် ကြားဘူတာမှာဆင်းမဲ့ ကျောင်းသူကျောင်းသားတွေ အလုပ်သမားတွေပါ ပါလာတယ်။ နောင်နမ့်ခွန်နဲ့ ဆီခယူး ဘူတာကြား ဆီခယူးဆေးရုံကြီးရှေ့အရောက်မှာ ဆောက်လက်စ အမြန်ရထားလမ်းစီမံကိန်းမှ အလေးချိန်ကီလိုပေါင်း ထောင်နဲ့ချီရှိတဲ့ ကရိန်းကြီး ပြုတ်ကျလာ တယ်လို့ မီးရထားတာဝန်ရှိသူတယောက်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတော်တဆထိခိုက်မှုကြောင့် ရထားမှာလည်း မီးလောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်၊ ရထား ၃ တွဲအနက် အတွဲအမှတ် ၂ က အဆိုးရွားဆုံးဒဏ်ခံရတယ် ရထားထဲမှာ လူတွေ အများကြီးပိတ်မိနေတယ်။ သူတို့ကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက လေးလံတဲ့ကရိန်းကြီးကို ကြိုးစားဖယ်ရှားနေကြတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာကို နခွန်းရာ့ချ်ဆီမားခရိုင် လက်ထောက်ခရိုင်ဝန် နိုင်းဝိကျစ် ကစ်ဝီရတ်နဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အနီးကပ် ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။
မွန်းလွဲပိုင်းအချိန်ထိ သေဆုံးသူပေါင်း ၂၂ ယောက်၊ ဒဏ်ရာရသူ ၆၄ ယောက်ရှိပြီး ၆ ယောက်က ဒဏ်ရာပြင်းထန်တယ်၊ ဒဏ်ရာရသူတွေကို မဟာရတ်နခွန်းရာ့ချ်ဆီမားဆေးရုံ၊ ပါတ်ချောင့်ဆေးရုံ နဲ့ ဆုန်နင်းဆေးရုံတွေဆီ ပို့ဆောင်ထားတယ်လို့ လထခရိုင်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။
ကရိန်းကြီးပြုတ်ကျလာရတဲ့ အကြောင်းရင်းကိုတော့ စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။
Source: Thai Post / The Reporters










