DVB Logo
Home
မြန်မာသတင်း
နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု စစ်ကောင်စီသံအမတ်ကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်ကန့်ကွက်
DVB
·
January 14, 2026
နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု စစ်ကောင်စီသံအမတ်ကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်ကန့်ကွက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလား ဒေ့ရှ်အစိုးရက မြန်မာစစ်ကောင်စီသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးလိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ကောင်စီသံအမတ်ကြီး ဦးကျော်စိုးမိုးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ဆင့်ခေါ်ခဲ့တာဖြစ်ကာ ခုလိုရန်စမှုမရှိဘဲ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပစ်ခတ်တာက အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပြီး အိမ်နီးချင်းကောင်း ပီသမှုနဲ့ ဆန့်ကျင်နေကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက  ဘင်္ဂလားဒေ့ရှ် အခြေစိုက် ARSA အပါအဝင် ရိုဟင်ဂျာ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကို ဝင်ရောက်ပြီး အာရက္ခတပ်တော် (AA)နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်မှာတော့ ဘင်္ဂလားဒေ့ရှ် ဘက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် ကျည်ဆန်ထိမှန်ကာ အသက် ရှူစက်နဲ့ ဆေးကုသမှု ခံယူနေရသလို ဘင်္ဂလားဒေ့ရှ် တံငါသည်တယောက်လည်း နယ်စပ်အနီး မိုင်းနင်းမိပြီးတော့ ခြေထောက်ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ မိန်းကလေးငယ်ရဲ့ ဖခင်ဖြစ်သူက "ကျနော့်သမီးလေးက ကျောင်းသွား ရမဲ့အရွယ်ပါ၊ အခုတော့ အသက်ရှူစက်နဲ့ ဆေးကုနေရတယ်။ သမီးလေးအတွက် ကျနော့်ရင်ထဲမှာ တကယ်ပဲ သွေးချင်းချင်းနီအောင် ခံစားနေရပါတယ်" လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၂ ရက်မှာလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က နယ်စပ်ဖြတ် ကျော်ဝင်ရောက်လာတဲ့ ARSA အဖွဲ့ဝင် ၅၃ ယောက်ကို ဖမ်းဆီးခဲ့သလို သူတို့ဟာ ကော့ဇ် ဘဇားဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေဖြစ်ပြီး မြန်မာဘက်ခြမ်းကို ကူးလူးသွား လာနေသူတွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေသခံ တက္ကနပ်ဖ် ရဲစခန်းမှူး ဆိုင်ဖူးလ်အစ္စလာမ်က ဖမ်းဆီးထားသူ အားလုံးကို ထိန်းသိမ်းထားကြောင်းနဲ့ ကျည်ဆန်ထိမှန်ဒဏ်ရာရရှိထားတဲ့ တိုက်ခိုက်ရေးသမားတယောက် ကိုတော့ ဆေးရုံမှာ ဆေးကုသမှု ပေးထားတယ်လို့ ဆိုပါတယ်။

"ဒီလူတွေဟာ ကော့ဇ်ဘဇားမှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့ဖူးတဲ့ ရာဇဝင်ရှိ သူတွေဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို ကူးလူးသွားလာနေကြသူတွေ ဖြစ်ပါတယ်။" 

၂၀၁၇ ခုနှစ် စစ်တပ်နှိမ်နင်းမှုအပြီး မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ၇ သိန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အခုအခါ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေထဲ ရုန်းကန်နေထိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013