
ဂျပန်နိုင်ငံမြို့တော် တိုကျိုအနီး ချီဘာစီရင်စုမှာရှိတဲ့ နာရရှိနိုမြို့က လေ့ကျင့်ရေးနေရာမှာ ဂျပန်စစ်သားတွေဟာ အမေရိကန်နဲ့ တခြားနိုင်ငံ ၁၃ နိုင်ငံက တပ်ဖွဲ့ဝင်တွေနဲ့အတူ လေကြောင်းလေ့ကျင့်မှုအတွင်း ခွေးပုံစံ စက်ရုပ်တွေကို ပြသခဲ့ကြပါတယ်။
ခြေ ၄ ချောင်းပါ စက်ရုပ်တွေဟာ ဂျပန်ရဲ့ အမှတ် ၁ လေကြောင်းတပ်မဟာက အဖွဲ့ဝင်တွေနဲ့အတူ လိုက်ပါလာပြီး CH-47 ချီနွတ်ခ် ရဟတ်ယာဉ် ၂ စင်းနဲ့ ဆင်းသက်ခဲ့ကြပါတယ်။
စက်ရုပ်ခွေးတွေဟာ နှစ်ပတ်လည်လေ့ကျင့်မှုအတွင်း ပထမဆုံးအကြိမ် ပါဝင်ခဲ့တာလို့ အခမ်းအနားမှာ ကြေညာသူတယောက်က ပြောပါတယ်။
စက်ရုပ်တွေနဲ့ တပ်ဖွဲ့ဝင်တွေဟာ လေ့ကျင့်ရေးဧရိယာဆီ ဖိတ်ကြားထားတဲ့ လူ ၁၀,၀၀၀ လောက်ရှေ့မှာ လှုပ်ရှားခဲ့ကြပါတယ်။
စက်ရုပ်ခွေးတွေဟာ ဖီလာဒဲလ်ဖီးယားကုမ္ပဏီ Ghost Robotics က ထုတ်လုပ်တဲ့ Vision 60 မြေပြင်သုံးစက်ရုပ်တွေလို့ ဂျပန်နိုင်ငံအခြေစိုက် စန်းခဲအိရှင်းဘွန်း သတင်းစာက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုတိုကျွန်းဆွယ်မှာ ငလျင်လှုပ်အပြီး ဂျပန်ကြည်းတပ်၊ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့ဟာ ရှာဖွေရေးလုပ်ငန်းတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေပို့ဖို့ ဒီစက်ရုပ်တွေကို သုံးခဲ့တယ်လို့ ထုတ်လုပ်သူရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရစ်ချ်တာစကေး ၇ ဒသမ ၆ ရှိတဲ့ ငလျင်ကြောင့် လူ ၆၉၀ ကျော် သေဆုံးပြီး အိမ်ခြေ ၁,၃၀၀ ကျော် အပြင်းအထန် ပျက်စီးခဲ့ပါတယ်။
မောင်းသူမဲ့ မြေပြင်သုံး စက်ရုပ်ခွေး Vision 60 ဟာ ၁၁၂ ပေါင် အလေးချိန်ရှိပြီး တစက္ကန့်ကို ၀ ဒသမ ၉ မီတာ ဒါမှမဟုတ် အသင့်အနေအထား ၂၁ နာရီ နေနိုင်သလို ၃ နာရီ ၁၅ မိနစ်ကြာအောင် ဆက်တိုက် လမ်းလျှောက်နိုင်ပါတယ်။
အမေရိကန်နဲ့ သြစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက အရာရှိ ၂,၁၀၀ လောက်ဟာ စက်ရုပ်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့အတူ လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့တယ်လို့ ဂျပန်ရုပ်သံ NTV က ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters











