
ရုရှားနိုင်ငံရဲ့ ကျယ်ပြန့်လှတဲ့ ဆိုက်ဘေးရီးယားပြည်နယ်ရှိ နိုဗိုကုဇ်ညက်စ်ခ်မြို့နယ်က သားဖွားဆေးရုံတရုံမှာ အခုလအတွင်း မွေးကင်းစကလေးငယ် ၉ ယောက် သေဆုံးမှုအတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခု စတင်ခဲ့ကြောင်း အာဏာပိုင်တွေက ဇန်နဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
သံသယဖြစ်ဖွယ် ရာဇဝတ်မှုတွေဟာ ပေါ့ပေါ့ဆဆ လုပ်ဆောင်မှုနဲ့ ပေါ့လျော့မှုကြောင့် လူသေဆုံးရမှုဖြစ်ကြောင်း ပြည်နယ်စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောပါတယ်။ ဘယ်သူ့ကို စုံစမ်းစစ်ဆေးနေတယ် ဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။
စုံစမ်းစစ်ဆေးသူတွေဟာ နိုဗိုကုဇ်ညက်စ်ခ်မြို့ရှိ ဆေးရုံက ဆေးမှတ်တမ်းတွေကို သိမ်းဆည်းထားပြီး သေဆုံးမှုရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ရာဇဝတ်မှုဆိုင်ရာ စစ်ဆေးမှုတွေကို ပြုလုပ်နေကြောင်း ပြောပါတယ်။
ဝန်ထမ်းတွေကို သူတို့လုပ်ဆောင်ခဲ့တဲ့ တာဝန်တွေ သို့မဟုတ် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်း စစ်ဆေးနေပါတယ်။
ဆေးရုံရဲ့ အဓိကဆရာဝန် (ဆေးရုံအုပ်ကြီး) ကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဆေးရုံရဲ့ ဝက်ဘ်ဆိုက်မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေ အလွန်အကျွံ ဝင်ရောက်လာတာကြောင့် ဆေးရုံ တက်ရောက်မှုတွေကို ရပ်ဆိုင်းထားပြီး သီးခြားခွဲထားဖို့ ဆောင်ရွက်နေကြောင်း ပြောပါတယ်။
Source: Reuters











