DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်  စွပ်စွဲချက်နှင့် လျှောက်လဲချက်များ
DVB
·
January 13, 2026
ICJ တရားရုံးတွင် ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်  စွပ်စွဲချက်နှင့် လျှောက်လဲချက်များ
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)  မှာ ကြားနာစစ်ဆေးမှုတွေ စတင်နေတာမှာ ဇန်နဝါရီ ၁၂ ရက်နေ့က  ဂမ်ဘီယာနိုင်ငံဘက်က လျှောက်လဲချက်တွေကို အနှစ်ချုပ် စုစည်းဖော်ပြပေးလိုက်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက် 

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ပြီး ရိုဟင်ဂျာ တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲထားပါတယ်။

စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ 

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် "နယ်မြေရှင်းလင်းရေး" စစ်ဆင်ရေးတွေအတွင်း မြန်မာစစ်တပ် (တပ်မတော်)က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် ကျေးရွာတွေကို စနစ်တကျ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်နဲ့ မောင်နု ကျေးရွာတွေမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ ထင်ရှားတဲ့ သက်သေတွေဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် (Genocidal Intent) 

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးစုတခုအနေနဲ့ တခုလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိတာဟာ စစ်တပ်ရဲ့ စနစ်တကျ ပြင်ဆင်ဆောင်ရွက်မှုတွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အမိန့်ပေးမှုတွေနဲ့ အမုန်းစကားတွေကတဆင့် သိသာထင်ရှားနေတယ်လို့ ဆိုပါတယ်။

ကာကွယ်ပိုင်ခွင့်ရှိတဲ့ အုပ်စု (Protected Group)

ရိုဟင်ဂျာတွေဟာ အဆိုပါ သဘောတူညီချက်အရ ကာကွယ်ပိုင်ခွင့်ရှိတဲ့ လူမျိုးစု၊ ဘာသာရေးအုပ်စု ဒါမှမဟုတ် လူမျိုးနွယ်စုတခုဖြစ်တယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ရာစုနှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့သူတွေဖြစ်ပြီး အစောပိုင်း မြန်မာအစိုးရခေါင်းဆောင်တွေ ကလည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ တပ်မတော် ဒုကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့ရဲ့ ပြောကြားချက်တွေ၊ မြန်မာ့အသံကနေ ရိုဟင်ဂျာဘာသာနဲ့ ထုတ်လွှင့်မှုတွေ ကို ကိုးကားဖော်ပြပါတယ်။

စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ ဥပဒေကြောင်းအရ ဖယ်ကျဉ်မှု 

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကတဆင့် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်ပြီး နိုင်ငံမဲ့ဖြစ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့တယ်။ ဒါ့အပြင် လက်ထပ်ခွင့် ကန့်သတ်တာ၊ ကလေးမွေးဖွားမှု ထိန်းချုပ်တာနဲ့ သွားလာခွင့် ကန့်သတ်တာတွေနဲ့ သူတို့ရဲ့ ဘဝရပ်တည်မှုကို အခက်ခဲဆုံးဖြစ်အောင် ဖန်တီးခဲ့တယ်လို့ဆိုပါတယ်။

အမုန်းစကားနဲ့ ဝါဒဖြန့်မှု 

မြန်မာအစိုးရနဲ့ စစ်တပ်ဟာ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေကို အသုံးပြုပြီး ရိုဟင်ဂျာတွေကို လူသားမဆန်အောင် ပုံဖော်တာ၊ အန္တရာယ်ရှိတဲ့ အုပ်စုအဖြစ် သရုပ်ဖော်တာနဲ့ အမုန်းတရားတွေ ဖြန့်ဝေတာတွေလုပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်လာအောင် လှုံ့ဆော်ခဲ့တယ်လို့ သီတဂူ ဆရာတော်နဲ့ စစ်တပ်အရာရှိတချို့ရဲ့ ပြောဆိုချက်တွေကို ကိုးကားဖော်ပြပါတယ်။

အကြမ်းဖက်မှုနှိမ်နင်းရေး ခုခံချက်ကို တုံ့ပြန်မှု

မြန်မာဘက်က ARSA ရိုဟင်ဂျာလက်နက်ကိုင်အကြမ်းဖက်အဖွဲ့ရဲ့ နယ်ခြားစောင့်တပ်တွေကို တပြိုင်တည်း အကြမ်းဖက်မှုတိုက်ခိုက်ခဲ့မှုအပေါ်  တုံ့ပြန်နှိမ်နင်းတာဖြစ်တယ်လို့ ခုခံပြောဆိုပေမဲ့၊ အပြစ်မဲ့ ကလေးငယ်တွေကို သတ်ဖြတ်တာနဲ့ အမျိုးသမီးတွေကို အုပ်စုလိုက် မုဒိမ်းကျင့်တာလိုမျိုး အစွန်းရောက် ရက်စက်မှုတွေဟာ အကြမ်းဖက်မှုနှိမ်နင်းရေး မူဝါဒတွေနဲ့ လုံးဝမကိုက်ညီဘူးလို့ ဂမ်ဘီယာက တုံ့ပြန်ခဲ့ပါတယ်။

တာဝန်ခံမှုနဲ့ တရားမျှတမှု

မြန်မာနိုင်ငံမှာ အပြစ်ပေးခံရတာ မရှိဘဲ ကျူးလွန်ခွင့်ရနေတဲ့ အစဉ်အလာ (Impunity) ကို ရပ်တန့်ဖို့နဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိဖို့ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ပေးဖို့ လျှောက်လဲထားပါတယ်။

ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (UN Fact-Finding Mission) ရဲ့ အစီရင်ခံစာတွေ၊ မျက်မြင်သက်သေ ထွက်ဆိုချက်တွေနဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013