DVB Logo
Home
နိုင်ငံတကာ
အမျိုးသမီးတဦးလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် ထိုင်းဝန်ကြီးချုပ်လောင်းအဆို ဝေဖန်မှု ပြင်းထန်
DVB
·
January 13, 2026
အမျိုးသမီးတဦးလျှင် ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမည့် ထိုင်းဝန်ကြီးချုပ်လောင်းအဆို ဝေဖန်မှု ပြင်းထန်
Donate to DVB

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်လောင်းတဦးရဲ့ အမျိုးသမီးတဦးကို ခင်ပွန်း ၄ ဦးအထိ ယူခွင့်ပြုမယ့် မူဝါဒတခုကို အဆိုပြုခဲ့ပြီးနောက် ဒီအပေါ် ဝေဖန်ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတယ်လို့ Khaosod English သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီအဆိုကိုတော့ Thai Alternative ပါတီက ဝန်ကြီးချုပ်လောင်းဖြစ်သူ မစ္စတာ မွန်ကွန် ကစ် ဆွတ်ဆင်သရာနွန့်က သိပ်မကြာသေးခင်က လူမှုကွန်ရက် ပို့စ်တခုမှာ မျှဝေထားခဲ့တာဖြစ်ပြီး “ကျား/မ တန်းတူညီမျှရေး ရှုထောင့်အရ သက်ဆိုင်သူတွေ အပြန်အလှန် သဘောတူညီမှုရှိမယ် ဆိုရင် အမျိုးသမီးတွေအနေနဲ့ ခင်ပွန်း ၄ ဦးထက်မပိုဘဲ ယူခွင့်ရှိသင့်ပါတယ်” လို့ ပြောလိုက်တာပါ။

အဲဒီအဆိုပြုချက်ဟာ အင်တာနက်အသုံးပြုသူတွေကြား လျင်မြန်စွာ အာရုံစိုက်ခံခဲ့ရပြီး ဒါက တိုးတက်လာတဲ့ အတွေးအခေါ်ကို ဖော်ပြတာလား၊ နိုင်ငံရေးအရ လှောင်ပြောင် သရော်တာလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ အငြင်းပွားမှုဖြစ်အောင် ဖန်တီးတာမျိုးလား ဆိုတာကို ငြင်းခုံနေကြတာကို တွေ့ရပါတယ်။

Khaosod English သတင်းကတော့ ခုအဆိုပြုချက်က ရိုးရာမူဝါဒတွေထက် လူအများ အာရုံစိုက်စေမယ့် ပြောဆိုချက်တွေနဲ့ မိမိကိုယ်ကိုယ် လူသိများအောင် တည်ဆောက်ထားသူ မွန်ကွန်ကစ်ရဲ့ ထူးဆန်းတဲ့ မူဝါဒအကြံပြုချက်တွေထဲက နောက်ဆုံးတခုဖြစ်တယ်လို့ ဖော်ပြပါတယ်။

အရင်တုန်းကလည်း သူဟာ ထိုင်းနိုင်ငံအတွက် “အာကာသတပ်ဖွဲ့” ဖွဲ့စည်းဖို့၊ ကျဆင်းနေတဲ့ ကလေး မွေးဖွားနှုန်းကို ဖြေရှင်းဖို့အတွက် ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေကို ငွေကြေးထောက်ပံ့ဖို့၊ လစာတိုးပေးဖို့အတွက် အလုပ်လုပ်ကိုင်နိုင်တဲ့ အရွယ်ရှိ နိုင်ငံသားတွေ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မဖြစ်မနေ ပြုလုပ်ခိုင်းဖို့နဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရေးတို့အပါအဝင် စစ်တပ်အင်အား တောင့်တင်းခိုင်မာစေဖို့ စတာတွေကို အကြံပြုခဲ့ဖူးသူတဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒီလို အမျိုးသမီးတဦးက ခင်ပွန်းများစွာယူနိုင်တဲ့ မူဝါဒကို ဥပဒေအရ၊ ဒါမှမဟုတ် လူမှုရေးအရ ဘယ်လို လက်တွေ့အကောင်အထည်ဖော်မယ်ဆိုတာကို မွန် ကွန်ကစ်က ရှင်းလင်းပြောကြားခြင်း မရှိသေးပေမဲ့ ဒီကြေညာချက်က ထိုင်းနိုင်ငံရဲ့ အများပြည်သူဆိုင်ရာ ဆွေးနွေးမှုတွေ အိမ်ထောင်ရေးဥပဒေ၊ ကျား/မ အခွင့်အရေးနဲ့ နိုင်ငံရေးအရ သတင်းစကားပေးပို့မှု အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီးတော့ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေကို စတင်စေခဲ့ပြီ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းနိုင်ငံဥပဒေပြု လွှတ်တော်အတွက် ရွေးကောက်ပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပသွားမယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုထင် ချန်းဗီရာကူးလ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီးနောက် ရွေးကောက်ပွဲအသစ် ပြန်ကျင်းပမယ့်နေ့ကို ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲမှာတော့ စုစုပေါင်း အောက်လွှတ်တော်အမတ် ၅၀၀ နေရာအတွက် မဲပေး ရွေးချယ်သွားကြမှာဖြစ်သလို ပါတီတခုချင်းစီအတွက် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ၃ ဦးအထိ ရွေးချယ်တင်ပြနိုင်ကြောင်းလည်း ထုတ်ပြန်ထားကာ ရွေးကောက်ပွဲရလဒ်ကို လာမယ့် ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013