DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ တရားရုံး၌  ကြားနာစစ်ဆေးမှု စတင်
DVB
·
January 12, 2026
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ICJ တရားရုံး၌  ကြားနာစစ်ဆေးမှု စတင်
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကနေ စွပ်စွဲထားတဲ့ အမှုအတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ  အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)  မှာ တရားရင်ဆိုင် ကြားနာစစ်ဆေးမှုတွေ ဇန်နဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ဒီနေ့မနက် ၁၀ နာရီမှာ စတင်နေပြီ ဖြစ်ပါတယ်။

အဲဒီကြားနာပွဲတွေမှာတော့ ဂမ်ဘီယာနဲ့ မြန်မာကိုယ်စားလှယ်တွေဟာ ဥပဒေကြောင်းအရ နှစ်ဘက် ချေပလျှောက် ထားချက်တွေ တလှည့်စီ ပြုလုပ်ကြမှာဖြစ်ပြီး သက်သေတွေ၊ နှစ်ဘက်စလုံးက တင်သွင်းတဲ့ ပညာရှင်တွေကို မေးမြန်းတာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

တရားရုံးကြားနာပွဲကို  ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ သီတင်း ၂ ပတ်ကျော်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက် အရင်တင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ တကြိမ်၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိ တကြိမ်၊ ၂ ကြိမ် လျှောက်လဲချေပခွင့်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့မနက် ကြားနာပွဲမှာ တရားလို ဂမ်ဘီယာဘက်က အစိုးရကိုယ်စားလှယ်တွေနဲ့ ရှေ့နေတွေက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက် မြောက်တဲ့အကြောင်း အခိုင်အမာ အထောက်အထားတွေနဲ့ လျှောက်လဲသွားခဲ့ပါတယ်။

အထူးသဖြင့် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်နုကျေးရွာတွေမှာ အမျိုးသမီးနဲ့ ကလေးတွေတွေကို ပစ်ခတ်သတ်ဖြတ်၊  အဓမ္မပြုကျင့်၊ အရှင်လိုက် မီးရှို့သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံ စမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့ အချက်အလက်တွေကို ကိုးကားပြီးလည်း လျှောက်လဲသွားခဲ့ ပါတယ်။ 

နောက်နေ့မှာ လည်း ဂမ်ဘီယာဘက်က သက်သေတွေတင်သွင်း လျှောက်လဲချက် ဆက်လက်ပေးဖို့ ရှိနေပါတယ်။

တရားရုံး ကြားနာပွဲကို စစ်ကောင်စီခန့် သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နဲ့  ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တို့ ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ပြီး လျှောက်လဲကြမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရကတော့ ဒီအမှုကိစ္စ လုပ်ပိုင်ခွင့်အားလုံးဟာ NUG နဲ့သာ သက်ဆိုင်ပြီး စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုပါတယ်။

ဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့ ၆ နှစ်ကျော်က စတင်စွဲဆိုခဲ့တဲ့ ဒီအမှုဟာ အခုအခါ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်မှုတွေ ရှိ၊ မရှိ ဆိုတဲ့ အချက်အလက်ဆိုင်ရာ ကြားနာစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ထုတ်ပြန် ပြောပါတယ်။

BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က “၆ နှစ်တာ ရှည်ကြာပြီးနောက်မှာ ၂၀၁၇ ခုနှစ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံဟာ တရားရုံးရှေ့မှာ နောက်ဆုံးတော့ အဖြေပေးရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေအပေါ် မျိုးတုံးသတ်ဖြတ်မှုက ရပ်တန့်သွားတာမျိုး လုံးဝမရှိသေးပါဘူး။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ရင်ဆိုင်နေရသလို၊ လူပေါင်း ၁ သန်းကျော်ဟာလည်း အတင်းအဓမ္မ နေရပ်စွန့်ခွာနေရဆဲဖြစ်ပြီး နေရပ်ပြန်ပိုင်ခွင့်တွေ ငြင်းပယ်ခံထားရဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ရသလို အဆိုပါစစ်ဆင်ရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ပါဝင်နေတဲ့အကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ကောက်ချက်ချထားတာပါ။

မြန်မာနိုင်ငံဘက်ကတော့ အဆိုပါတွေ့ရှိချက်တွေဟာ ဘက်လိုက်ပြီး ချို့ယွင်းချက်ရှိနေတယ် ဆိုပြီး ပယ်ချခဲ့ကာ သူတို့ရဲ့ နှိမ်နင်းမှုတွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သူတွေကို  ရည်ရွယ်ခဲ့တာလို့ ငြင်းဆိုထားပါတယ်။

လတ်တလောမှာတော့ အဆိုပါအမှုကို ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ တရားစွဲဆိုထားတာဖြစ်ပြီး ICJ တရားရုံးက အဆိုပါ ကြားနာမှုတွေကို လူထုနဲ့ မီဒီယာတွေကို ပေးမဝင်ဘဲ တံခါးပိတ် ကြားနာမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီတရားစွဲဆိုမှုမှာ တရားလို ဂမ်ဘီယာနိုင်ငံနဲ့အတူ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနိုင်ငံ တွေအပါအဝင် နိုင်ငံပေါင်း ၁၁ ခုက တရားလိုနိုင်ငံတွေအဖြစ် ပါဝင်လာကြတာပါ။

BROUK အနေနဲ့ ဒီအမှုကို တရားစွဲဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ဂမ်ဘီယာနိုင်ငံ အပါအဝင် ကြားဝင်ဆောင်ရွက်ပေးတဲ့ ၁၁ နိုင်ငံရဲ့ ထောက်ခံအားပေးမှုကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အဆုံးသတ်ဖို့၊ ကျူးလွန်သူအားလုံးကို အရေးယူဖို့နဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးအားလုံးကို အပြည့်အဝ ပြန်လည်ရရှိဖို့ လိုအပ်ပါတယ်လို့ ပြောထားပါတယ်။

BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က “နိုင်ငံတကာ ဥပဒေတွေကို ဆယ်စုနှစ်ပေါင်းများစွာ အပြစ်ပေးခံရခြင်းမရှိဘဲ ချိုးဖောက်ခဲ့ပြီးနောက်မှာ မြန်မာစစ်တပ်အနေနဲ့ တရားရုံးရှေ့မှာ ခုခံကာကွယ်ဖို့ နောက်ဆုံးမှာ အတင်းအဓမ္မ စေခိုင်းခံရတာဟာ လျှော့တွက်လို့ မရတဲ့ အရေးပါမှုတခုပါပဲ”လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေပေမဲ့ တရားဝင် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေကတဆင့် တိုးတက်မှုကတော့ အကန့်အသတ်နဲ့သာ ရှိနေဆဲဖြစ်သလို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနဲ့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒါမှမဟုတ် တခြားသော မြန်မာစစ်တပ် အဆင့်မြင့်ခေါင်းဆောင်တွေအတွက် လူသိရှင်ကြား ကြေညာထားတဲ့ ဖမ်းဝရမ်းတွေကို ထုတ်ပြန်ခြင်း မရှိသေးဘူးလို့လည်း BROUK အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

BROUK အဖွဲ့ကတော့ မျိုးတုံးသတ်ဖြတ်မှုတွေဟာ ဘယ်သောအခါမှ ရပ်တန့်မသွားခဲ့တဲ့အပြင် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ စနစ်တကျ ဖိနှိပ်ညှဉ်းပန်းမှုတွေကို ဆက်လက်ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။  အာရက္ခတပ်တော် (AA) ဘက်ကတော့ ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013