DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့ရှိ တော်လှန်ရေးမိသားစုနေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်၊ မီးရှို့ဖျက်ဆီး
DVB
·
January 12, 2026
စဉ့်ကူးမြို့ရှိ တော်လှန်ရေးမိသားစုနေအိမ်များကို စစ်ကောင်စီက ချိပ်ပိတ်၊ မီးရှို့ဖျက်ဆီး
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို ပြန်သိမ်းယူပြီးနောက် စစ်ကောင်စီက တော်လှန်ရေးမိသားစုဝင်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

စစ်တပ်က သာလွန်အင်အားနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မန္တလေးတိုင်း၊ မတ္တရာနယ်အရှေ့ခြမ်း၊ စဉ့်ကူးနယ်နဲ့ သပိတ်ကျင်းနယ် နေရာတချို့ကနေ ယာယီ ဆုတ်ခွာပေးလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ထားတာပါ။

တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ စဉ်ကူးမြို့ကို ၂၀၂၅ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပြီး သပိတ်ကျင်းမြို့ကိုတော့ ၂၀၂၅ ဇူလိုင် ၂၂ ရက်မှာ ပြန်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

မြို့နေရာတွေကို ပြန်ပေးခဲ့ရပေမဲ့ တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားစနစ်နဲ့ ဆက်လက်တိုက်ခိုက်နေခဲ့ပြီး စစ်ကောင်စီက နည်းမျိုးစုံသုံး ဖိအားပေး တိုက်ခိုက်ခဲ့တာကြောင့် သိမ်းယူထားတဲ့ စခန်းနေရာအများစုကို ပြန်လက်လွှတ်ခဲ့ရတယ်လို့ စဉ့်ကူးဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။  

စဉ့်ကူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ တော်လှန်ရေးမိသားစုအိမ်တွေ ချိပ်ပိတ်တာ၊ အဲ့အိမ်မှာကျန်တဲ့ပစ္စည်း ရောင်းချတာမျိုးတွေ ရှိပါတယ်။ တော်လှန်ရေးမိသားစုတွေနေလို့ မဖြစ်အောင် တချို့အိမ်တွေ မီးရှို့ထားတာမျိုးပေါ့၊ လောလောဆယ် သူတို့ မြစ်ရိုးတလျှောက်ကို သံခွန်နဲ့လိုက်ပြီးမှ ရှင်းလင်းရေးလုပ်တဲ့ အပိုင်းမျိုးတွေ၊ ပြီးတော့ ပြည်သူတွေ သွားလာတာမျိုးတွေ၊ မော်တော်-စက်လှေတွေကိုလည်း ဒရုန်းနဲ့လိုက်ချတာမျိုးတွေ၊ လက်နက်ကြီးနဲ့ လှမ်းထုတာမျိုး တွေလည်း နေ့စဉ်လုပ်နေတာပေါ့နော်။ လွန်ခဲ့တဲ့ ၄ ရက်လောက်ကဆိုလည်း စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို သူတို့မီးရှို့သွားပါတယ်။ တော်လှန်ရေးမိသားစုတွေ ပြည်သူတွေကိုတော့ အတတ်နိုင်ဆုံး ရှောင်ခိုင်းထားပါတယ်” လို့ ပြောပါတယ်။

သပိတ်ကျင်းခရိုင်မှာ ဝင်ငွေကောင်းတဲ့ ရွှေနဲ့ သတ္တုလုပ်ကွက်တွေ ရှိတာကြောင့် စစ်ကောင်စီတပ်က အင်အားသုံးပြီး ပြန်သိမ်းယူခဲ့တာပါ။

ဘုတလင်ဒေသခံတ‌ယောက်က “အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့တွင်းကလူတွေ ထွက်ဖို့ ကြေညာလိုက်တဲ့အချိန်မှာ သူတို့က ထွက်တဲ့အိမ်တွေ မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ။ လုံခြုံရေးအရ မြို့ပတ်ခြာလည် မိုင်းတွေထောင်တာရှိတယ်။ မြို့တွင်းထဲ မိုင်းတွေထောင်တာရှိတယ်။ အဲဒီမှာ သူတို့ထောင်တဲ့မိုင်းကို နင်းမိပြီးတော့ ရန်အောင်မြေကျောင်းက ကိုရင်လေးတပါး မိုင်းထိပြီး ခြေထောက်တဖက်က သေချာပေါက် ဖြတ်ရမယ်၊ တဖက်က ဖြတ်ဖို့အနေအထား စောင့်ကြည့်နေရတာ။ နှစ်ဖက်စလုံး ဒဏ်ရာရသွားတဲ့ အနေအထားရှိတယ်။ မြို့ကလူတွေ ထွက်တဲ့ အနေအထားမှာတော့ သူက မြို့ထဲပြန်ဝင်မလာရင် အဲဒီအိမ်တွေကို ချိပ်ပိတ်မယ်၊ မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်မှာ ဆက်လက်ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းထဲမှာ မတ္တရာနယ် အပါအဝင် ၉ မြို့နယ်၊ စစ်ကိုင်းတိုင်း ၁၁ မြို့နယ်တို့မှာ စစ်ကောင်စီက မဲရုံတချို့ ဖွင့်လှစ်ခဲ့ပါတယ်။

စစ်ကောင်စီက မြို့နယ်အလိုက် ရွေးကောက်ပွဲပြုလုပ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ မြို့ပေါ်နေရာတချို့မှာသာ မဲရုံဖွင့်နိုင်ခဲ့တာပါ။

ရွေးကောက်ပွဲအပိုင်း ၂ နေ့က ဘုတလင်၊ ချောင်းဦး၊ ရေဦး စတဲ့ မဲရုံထောင်တဲ့ မြို့ပေါ်တွေမှာ မနက်အစောပိုင်း သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာ၊ မဲလာထည့်သူတွေကို ကြံ့ခိုင်ရေးရုံးက ဆန်၊ ဆီနဲ့ ငွေကြေးပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဘုတလင်မြို့ခံက “စောစောစီးစီး မြို့ပတ်ခြာလည်ကို သေနတ်တွေ ရမ်းပစ်ဖောက်ပြီးတော့ ခြိမ်းခြောက်နေတာတွေ ရှိတယ်။ ရွေးကောက်ပွဲကတော့ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခိုင်းနေတဲ့ သဘောတွေပေါ့ဗျာ။ ဟန်ပြလောက်ပဲ လုပ်နိုင်တဲ့ အနေအထားရှိတယ်ဗျ။ မြို့ထဲမှာတော့ ဂီလာနပဲ ကျန်ရစ်တာပဲ” လို့ ပြောပါတယ်။

စစ်ကိုင်းဒေသခံတယောက်ကလည်း “ဆန် ၃ ပြည်၊ ဆီတဘူး၊ ယမ်ယမ် ၂ ထုပ်၊ ကြက်သွန်။ မဲ ကြိုက်သလောက်ထည့်၊ ထည့်သလောက် အကြိမ်ရေတိုင်းကို ဝေမှာတဲ့ ခေါ်နေတာ။ မဲထည့်တဲ့သူကတော့ မပေါတယ် ပေါတယ် အဲဒါသာကြည့်တော့” လို့ ပြောပါတယ်။

ချောင်းဦးမြို့ခံတယောက်က “မဖြစ်မနေ ထည့်ပေးရမှာပေါ့၊ မထည့်ရင် အိမ်မီးနဲ့ရှို့မယ်ပေါ့ သူတို့က။ အဲဒီလို ချောင်းဦးမြို့ပေါ် အနေအထားတွေက။ ပြည်သူတွေကို မဖြစ်မနေ မြို့ထဲကျန်ရစ်တဲ့သူတွေပေါ့။ တောထဲတော့ ထွက်ပြေးကြတာပေါ့နော်။ သူတို့ မဖြစ်မနေကတော့ လုပ်မယ်ဆိုတဲ့အရာတခုက လုပ်တယ်။ ဒီကလည်း ဖျက်တဲ့လူကလည်း မဖြစ်မနေ ဖျက်မှာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတချို့က တိုက်တွန်းထားပါတယ်။

ဒေသတွင်း ပြည်သူတွေကတော့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မဖြစ်မနေ မဲထည့်ကြရတာတွေ ရှိပေမဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ရွေးကောက်ပွဲလိုတော့ ပူးပေါင်းပါဝင်ချင်စိတ် မရှိဘူးလို့ ပြောဆိုကြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013