DVB Logo
Home
နိုင်ငံတကာ
ထိုင်းနှင့် ကမ္ဘောဒီးယား အပစ်ရပ် အကောင်အထည်ဖော်ရန် အမေရိကန်က ဒေါ်လာ ၄၅ သန်း ပေးမည်
DVB
·
January 12, 2026
ထိုင်းနှင့် ကမ္ဘောဒီးယား အပစ်ရပ် အကောင်အထည်ဖော်ရန် အမေရိကန်က ဒေါ်လာ ၄၅ သန်း ပေးမည်
Donate to DVB

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံအကြား သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းချက်တွေကို ပိုမိုခိုင်မာစေရေးအတွက် အမေရိကန်နိုင်ငံအနေနဲ့ ဒေါ်လာ ၄၅ သန်း ပံ့ပိုးကူညီပေးသွားမယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆွန်ဘရေက ထုတ်ပြန်ချက်တခုထဲမှာ “ကမ္ဘောဒီးယားနဲ့ ထိုင်းအစိုးရတို့အနေနဲ့ ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်ပြီး သူတို့ပြည်သူတွေနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ အေးချမ်းတည်ငြိမ်ရေး လမ်းစတွေ ပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက် အမေရိကန်က ဆက်လက် ကူညီပံ့ပိုးသွားမှာဖြစ်တယ်” လို့ ဖော်ပြလိုက်တာပါ။

ဝန်ကြီးဟာ အခုလာမဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ မြို့တော်ဘန်ကောက်နဲ့ ဖနွမ်းပင်မြို့တွေမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီးတော့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ အကောင်အထည်ဖော်ရေးနဲ့ “ပိုမိုလုံခြုံ၊ အားကောင်းပြီး သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရေး ဘုံအကျိုးစီးပွား မြှင့်တင်ရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးသွားမယ်” လို့လည်း သိရပါတယ်။

သမ္မတ ထရမ့်ပ်အစိုးရ လက်ထက်မှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေကို လျှော့ချခဲ့ပေမဲ့ ခုတခါမှာတော့ ဒီကဏ္ဍတွေအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်းလည်း ဒီဆွန်ဘရေက ပြောပါတယ်။

ခုလတ်တလော ပေးအပ်သွားမဲ့ အမေရိကန်ဒေါ်လာ ၄၅ သန်းထဲက ၁၅ သန်းကိုတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ဒေသခံလူထု ပြန်လည်ထူထောင်ရေးနဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ကူညီဖို့ ပေးအပ်မှာဖြစ်ကာ ဒေါ်လာ ၁၀ သန်းကိုတော့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ၊ မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့အတွက် ခွဲဝေပေးအပ်သွားမှာလို့ ဆိုပါတယ်။

ကျန်တဲ့ ဒေါ်လာသန်း ၂၀ ကိုတော့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို နှိမ်နင်းနိုင်မဲ့ အစီအစဉ်တွေ၊ တခြားလုပ်ငန်းစဉ်တွေအတွက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ လိမ်လည်မှုတွေရဲ့ ပစ်မှတ်ထားမှုတွေကို ခံနေရတာကြောင့် အရှေ့တောင်အာရှအခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ ထရမ့်ပ်အစိုးရက ဦးစားပေး လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတ ထရမ့်ပ်နဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့ ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တကျော့ပြန် နယ်စပ်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း နှစ်ဖက်စလုံးက အနည်းဆုံး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ကာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာတော့ တိုက်လေယာဉ်တွေ အသုံးပြုတာ၊ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေလည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013