DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် မဲမထည့်လျှင် စစ်မှုထမ်း ခေါ်မည်ဆိုပြီး ခြိမ်းခြောက်
DVB
·
January 11, 2026
မန္တလေးတွင် မဲမထည့်လျှင် စစ်မှုထမ်း ခေါ်မည်ဆိုပြီး ခြိမ်းခြောက်
Donate to DVB

ရွေးကောက်ပွဲအပိုင်း ၂ အတွက် မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက မဲထည့်ကြဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေ ရှိသလို အသက်ပြည့်ပြီး လူငယ်တွေကို မဲမထည့်ရင် စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၂ ကို ဇန်နဝါရီ ၁၁ ရက်မှာ ပြုလုပ်တာဖြစ်ပြီး မန္တလေးတိုင်းထဲက မြို့နယ် ၉ ခုမှာ ပြုလုပ်တာလည်း ဖြစ်ပါတယ်။ အဲဒီ မြို့နယ် ၉ မြို့နယ်ထဲ မန္တလေးမြို့ပေါ်က မဟာ‌အောင်မြေ၊ အမရပူရနဲ့ ပြည်ကြီးတံခွန်မြို့နယ်တို့လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ မန္တလေးမြို့ပေါ်မှာ မဲထည့်သူ နည်းခဲ့ပေမဲ့ အခု အပိုင်း ၂ မှာတော့ မဲထည့်ဖို့ ဖိအားပေးမှုတွေ ပိုလုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကောလာဟလများစွာနဲ့ ခြိမ်းခြောက်သံတွေကြောင့် လူအများက စိုးရိမ်ခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန္တလေးမြို့ ဒေသခံတယောက်ဖြစ်တဲ့ ကိုကျော်ကျော် (အမည်လွှဲ) ကတော့ ကောလာဟလ‌တွေလည်း ရှိခဲ့တဲ့အတွက် စိုးရိမ်ပြီး မဲပေးကြသူတွေလည်း ရှိသလို မဲမပေးဘဲ နေကြသူတွေလည်း ရှိပါတယ်လို့ ဆိုပါတယ်။

“မြို့ပေါ်မှာရှိနေတဲ့ လူအများစုကတော့ ပေးဆိုလည်း ပေးလိုက်မှာပဲလေနော်။ လက်ရှိ မြို့ပေါ်မှာ နေနေရတာကိုး။ မပေးဘဲနဲ့ နေ၊ သွားမပေးဘဲနဲ့ ကိုယ့်ဘာသာကိုယ် နေကြတဲ့သူတွေလည်း ရှိတယ်၊ သွားပေးလိုက်တဲ့သူလည်း ရှိတယ်။ ပေးချင်တဲ့လူလည်း သွားပေးလိုက်တာပေါ့။”

မဟာအောင်မြေမြို့နယ်မှာတော့ အုပ်ချုပ်ရေးမှူးတွေက အသက်ပြည့်ပြီးသူတိုင်း မဲထည့်ဖို့၊ မဲမထည့်ရင် စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မဟာအောင်မြေမြို့နယ်က ဦးမောင်မောင် (အမည်လွှဲ) ကတော့ ဒေသခံတွေအနေနဲ့ မဲပေးဖို့ စိတ်ဝင်စားမှု မရှိပေမဲ့လည်း ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေကြောင့် မဲပေးကြရတဲ့သူတွေ ရှိတယ်လို့ ပြောပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မပေးမနေရ သဘောမျိုး သူတို့က ပြောထားတယ်လေ။ ကြောက်လို့ အဓိက ပေးရတာလေ။ ၁၈ နှစ်အထက်ဆိုရင် မဲမပေးရင် လူငယ်တယောက်ကို မေးကြည့်တော့ မဲမပေးရင် စစ်မှုထမ်းထဲ ခေါ်ခံရမှာတဲ့၊ မဲမပေးလို့ မရဘူးတဲ့၊ အဲဒါဆို မဲမပေးရင်ရောဆို‌တော့ မဲမပေးလို့မရဘူး ပေးရမှာပေါ့တဲ့။ ဧည့်စာရင်းစစ်မှာတွေရော၊ စစ်မှုထမ်း ခေါ်မှာတွေရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ခြိမ်းခြောက်ထားတာလေ အဲလိုပေါ့။ တကယ့်တကယ်ကျတော့ ပြည်သူတွေရဲ့ အပြစ်တော့ မဟုတ်ဘူးပေါ့၊ သူတို့ မဲပေးကြတာက။ ဒီအနီးအနားက အန္တရာယ်လည်း ကြည့်ရှောင်ရသေးတာကိုး။”

ရွေးကောက်ပွဲမှာ မဲပေးသူတွေ များသလို စည်ကားသလိုပုံစံမျိုး ဖန်တီးဖို့အတွက် မဟာအောင်မြေ ကျောက်ဝိုင်းကိုလည်း ရွေးကောက်ပွဲ အပိုင်း ၂ မှာ ဖွင့်ထားဖို့ ညွှန်ကြားထားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ ပြုလုပ်တာဖြစ်ပြီး အပိုင်း ၂ ကို မန္တလေးတိုင်းထဲက မဟာအောင်မြေ၊ အမရပူရ၊ ပြည်ကြီးတံခွန်၊ စဉ့်ကိုင်၊ ကျောက်ပန်းတောင်း၊ သာစည်၊ ဝမ်းတွင်း၊ တံတားဦးနဲ့ မတ္တရာမြို့နယ်တွေမှာ ပြုလုပ်တာ ဖြစ်ပါတယ်။

မတ္တရာမြို့နယ်ကတော့ စစ်အုပ်စုရဲ့ နယ်မြေစိုးမိုးနိုင်ဖို့ ထိုးစစ်တိုက်ပွဲတွေကြောင့် လက်ရှိမှာ ပြည်သူအများအပြား စစ်ဘေးရှောင် ထွက်ပြေးနေရဆဲ အခြေအနေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး အပိုင်း ၃ မှာတော့ မန္တလေးက ၈ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်သလို အဲဒီ ၈ မြို့နယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သပိတ်ကျင်းမြို့နယ်လည်း ပါဝင်တာ ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013