DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်၌ မဲမထည့်ပါက စစ်မှုထမ်းရမည်ဟု လူငယ်များကို ခြိမ်းခြောက် မဲထည့်ခိုင်း
DVB
·
January 11, 2026
မွန်ပြည်နယ်၌ မဲမထည့်ပါက စစ်မှုထမ်းရမည်ဟု လူငယ်များကို ခြိမ်းခြောက် မဲထည့်ခိုင်း
1 / 2
Donate to DVB

မွန်ပြည်နယ်အတွင်းမှာ  ရွေးကောက်ပွဲကို မဲမထည့်ရင် စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီလက်အောက်ခံတွေက ခြိမ်းခြောက်ပြီး လူငယ်တွေကို အတင်းအကျပ် မဲထည့်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်မှာ ပြည်နယ်နဲ့ တိုင်း အသီးသီးက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပနေပြီး မွန်ပြည်နယ်မှာ‌တော့ ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စတဲ့ မြို့နယ် ၅ ခုမှာ ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲကျင်းပတဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ ရေးမြို့ပေါ်မှာ ပေါက်ကွဲသံတချို့ ကြားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ ရေးမြို့နယ်က လူငယ်တွေကို ရွေးကောက်ပွဲမှာ မဲမထည့်ရင် စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ခဲ့တဲ့အတွက် ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက်ပိုင်းမှာ မဲသွားထည့်ကြရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ရေးမြို့နယ် ဒေသခံက “သူတို့က မဲစာရင်းအတိအကျ အိမ်တိုင်ရာရောက် နာမည်နဲ့တကွ လာတာ။ လာမထည့်ဘူးဆိုရင် စစ်မှုထမ်းခေါ်မယ်ဆိုပြီး ခြိမ်းခြောက်တာပေါ့လေ။ အဲဒီတော့ ၁၈ နှစ်ပြည့်ခါစ ကလေးတွေဆိုတော့ ကြောက်ကြတယ်လေ။ အဲဒီတော့ မဖြစ်မနေ သွားထည့်ရတာပေါ့လေ။ ခုဆို တရွာကနေတရွာ သွားလို့မရဘူး။ ရွာအဝင်မှာ အားလုံးပိတ်ထားတယ်၊ ရွာကနေ ရေးကို တက်လို့လည်း မရဘူး။ တရွာနဲ့တရွာ ကူးလို့လည်း မရဘူး။ မနက်ကဆို မော်လမြိုင်တက်မဲ့ လိုင်းကားတွေလည်း ပေးမသွားဘူး။ မနက်အစောကြီး ဗုံးသံတွေရော သေနတ်သံတွေရော ကြားတယ်” လို့ ပြောပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်း ပြီးရင်တော့ မွန်တပြည်နယ်လုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးပြီ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်မှာတော့ ရေးမြို့ပေါ်၊  လမိုင်းမြို့၊ ခေါဇာမြို့နဲ့ ကုလားကုတ်ကျွန်း စတဲ့ ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဲရုံ ၂၉ ရုံပဲ ဖွင့်လှစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေးမြို့ပေါ်ကို စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေ လုံခြုံရေး တင်းကျပ်ချထားပြီး မြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်တဲ့ လမ်းတွေကို ပိတ်ထားသလို ရေးနဲ့ မော်လမြိုင် ပြေးဆွဲနေတဲ့ လိုင်းကားတွေကိုလည်း ရွေးကောက်ပွဲနေ့အတွက် ပြေးဆွဲခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ရေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး မဲပေးဖို့ တိုက်တွန်းနေတယ်လို့လည်း မြို့ခံတွေက ဆက်ပြောပါတယ်။

သံဖြူဇရပ်မြို့နယ်မှာတော့ ရွေးကောက်ပွဲ အပိုင်း ၂ အတွက် မဲရုံ ၅၅ ရုံ ဖွင့်လှစ်ထားပေမဲ့ မဲစာရင်းပါသူ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ မဲပေးခဲ့တယ်လို့ သိရပါတယ်။

မဲပေးခဲ့သူတွေ အနေနဲ့လည်း ဒီရွေးကောက်ပွဲဟာ အပြောင်းအလဲ တစုံတရာ ဖြစ်မယ်လို့ မမျှော်လင့်ဘဲ မဖြစ်မနေ အခြေအနေအရ မဲထည့်ခဲ့ရတယ်လို့ သံဖြူဇရပ် မြို့ခံတယောက်က ပြောပါတယ်။

“မဲရုံအခြေအနေကတော့ ကျိုးတိုးကျဲတဲပဲ။ မဲပေးတဲ့သူတွေကို အပြန်မှာ ပဲနို့ဝေတယ်။ တခြားရပ်ကွက်တွေတော့ မသိဘူး၊ မဲပေးရတာက ပေးလည်း ဒီလိုပဲ၊ မပေးလည်း ဒီလိုပဲ။ ဘာမှပြောင်းလဲမှာ မဟုတ်ဘူးလို့ ခံစားရတယ်။ မဲရုံက လူမများဘူး။ ပြီးတော့ တက်တက်ကြွကြွ မရှိကြဘူးလို့ ခံစားရတယ်။ ၂၀၂၀ တုန်းကဆိုရင် အကုန်လုံး စုပြုံပြီးတော့‌ ပေးကြတာ ကိုယ်နိုင်စေချင်တဲ့ပါတီ ဆိုပြီးတော့ အားကြိုးမာန်တက် ပေးကြတာ။ အခုကျတော့ မတူတော့ဘူး။ အဲဒီလို Vibe မျိုးလည်း မရတော့ဘူး။”

ကျန်တဲ့ မြို့နယ် ၃ မြို့နယ်ဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ မဲရုံ ၄၇ ရုံ၊ ပေါင်မြို့နယ်မှာ မဲရုံ ၉၀၊ မုဒုံမြို့နယ်မှာ မဲရုံ ၁၀၀ အသီးသီးဖွင့်လှစ်ခဲ့ပြီး ‌ရွေးကောက်ပွဲ အပိုင်း ၂ အတွက် မွန်ပြည်နယ်မှာ မဲစာရင်းပါရှိသူ  ၅ သိန်းကျော် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာလည်း ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်၊ သထုံ စတဲ့ မြို့နယ် ၅ ခုမှာ ကျင်းပခဲ့ပေမဲ့ မြို့ပေါ်ရပ်ကွက်တွေမှာသာ ကျင်းပနိုင်ခဲ့တာပါ။

မွန်ပြည်နယ် ရွေးကောက်ပွဲ ပထမပိုင်းမှာ နိုင်ငံရေးပါတီ ၅ ခုထက်မနည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ အထဲက ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂ နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်တဲ့ မဲဆန္ဒနယ်အားလုံးမှာတော့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့  ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013