DVB Logo
Home
နိုင်ငံတကာ
အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀၀ ကျော်ရှိလာ၊ အရေးယူပေးရန် ရှားဘုရင်၏သားက ထရမ့်ပ်ကို တိုက်တွန်း 
DVB
·
January 11, 2026
အီရန်ဆန္ဒပြပွဲ သေဆုံးသူ ၂၀၀ ကျော်ရှိလာ၊ အရေးယူပေးရန် ရှားဘုရင်၏သားက ထရမ့်ပ်ကို တိုက်တွန်း 
Donate to DVB

အီရန်နိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ မငြိမ်သက်မှုတွေအတွင်း ဆန္ဒပြသူ ၂၁၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တီဟီရန်မြို့တော်က ဆရာဝန်တယောက်ကို ကိုးကားပြီး အိန္ဒိယ ထိပ်တန်းမီဒီယာ နယူးစ်နိုင်းက ဖော်ပြပါတယ်။

သေဆုံးမှု အများစုက ကျည်ဆန်အစစ်တွေကြောင့်ဖြစ်ပြီး ပြည်နယ် ၃၁ ခုလုံးမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အီရန်မှာ နှစ်ပေါင်းများစွာအတွင်း အကျယ်ပြန့်ဆုံး ဆန္ဒပြနေပြီး မြို့တော် တီဟီရန်မှာ ဗလီတခု မီးရှို့ခံနေရတာကို ဇန်နဝါရီ ၉ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြထားပါတယ်။

မြို့တော် တီဟီရန်က လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ စုဝေးနေတာကို ပြထားတဲ့ရုပ်သံကို ဇန်နဝါရီ ၉ ရက်က လူမှုမီဒီယာပေါ်မှာ ထုတ်ပြန်ထားပါတယ်။

အီရန်မှာ ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း အီရန်နိုင်ငံတဝန်းကို ပျံ့နှံ့သွားခဲ့ပါတယ်။

ဖြုတ်ချခံ ရှားဘုရင်ရဲ့ ပြည်ပရောက်သားတော် ရယ်ဇာ ပါးလဗီဟာ ဇန်နဝါရီ ၁၀ ရက်က အီရန်နိုင်ငံသားတွေကို မြို့လယ်ခေါင်တွေကို သိမ်းပိုက်ပြီး ထိန်းသိမ်းထားဖို့ တောင်းဆိုခဲ့ပြီး စီးပွားရေးရဲ့ အဓိက ကဏ္ဍတွေရှိ အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ စတင်သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘာသာရေးအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံတခုမှာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးမှာ ဖြုတ်ချခံခဲ့ရတဲ့ နောက်ဆုံးရှားဘုရင်ရဲ့ သားတော်ဟာ ဆန္ဒပြမှုတွေကို လှုံ့ဆော်ပေးရာမှာ ထင်ရှားတဲ့ ပြည်ပမှ အသံတခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

အမေရိကန်အခြေစိုက် ပါးလဗီက “ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်မှာ လမ်းမတွေပေါ်ကို ထွက်လာရုံတင် မကပါဘူး။ ရည်မှန်းချက်မှာ မြို့လယ်ခေါင်တွေကို သိမ်းပိုက်ပြီးတော့ ထိန်းသိမ်းထားဖို့ အဆင်သင့်ရှိနေဖို့ပါပဲ” လို့ X လူမှုမီဒီယာ ပလက်ဖောင်းမှာ ထုတ်ပြန်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးပန်ကြားချက်မှာ ပြောပါတယ်။

ဒါ့အပြင် “စီးပွားရေးရဲ့ အဓိကကဏ္ဍတွေ အထူးသဖြင့် သယ်ယူပို့ဆောင်ရေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်မှ အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ဖို့” ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဝင်စွက်ဖက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြသူတွေကို ပစ်မှတ်ထားရင် မနှစ်က အစ္စရေးနဲ့အတူ အီရန် နျူကလီးယားစက်ရုံတွေကို ဗုံးကြဲတိုက်ခိုက်မှုကို စီစဉ်ခဲ့တဲ့သူတွေက စစ်ရေးအရ အရေးယူလိမ့်မယ်လို့ ထရမ့်ပ်က အီရန်အာဏာပိုင်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေကတော့ အမေရိကန်နဲ့ အစ္စရေးတို့က မငြိမ်မသက်မှုတွေကို လှုံ့ဆော်နေတာလို့ စွပ်စွဲခဲ့ကြပါတယ်။

IRGC နဲ့ သီးခြားစီ ဆောင်ရွက်နေပေမဲ့ အီရန် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ အမိန့်ကိုလည်း ခံယူတဲ့ အီရန်စစ်တပ်ဟာ “အမျိုးသားအကျိုးစီးပွားတွေ၊ နိုင်ငံရဲ့ မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံတွေနဲ့ အများပြည်သူပိုင်ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်မယ်” လို့ အစောပိုင်းက ကြေညာခဲ့ပါတယ်။

လုံခြုံရေးကို ကာကွယ်တာဟာ “အနီရောင်မျဉ်းကြောင်း” ဖြစ်တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်တွေက ဇန်နဝါရီ ၁၀ ရက်မှာ သတိပေးခဲ့ပြီး စစ်တပ်က အများပြည်သူပိုင်ပစ္စည်းတွေကို ကာကွယ်ဖို့ ကတိပြုခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ခေါင်းဆောင်တွေအတွက် သတိပေးချက်အသစ် ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက အမေရိကန်ဟာ အီရန်ရဲ့ ရဲရင့်တဲ့ပြည်သူတွေကို ထောက်ခံပါတယ်လို့ ကြေညာပါတယ်။

စီးပွားရေးပြိုလဲမှုအပေါ် ဆန္ဒပြပွဲအဖြစ် စတင်ခဲ့ရာကနေ အီရန်အာဏာရှင်အစိုးရကို ဖြုတ်ချရေး တောင်းဆိုမှုတွေအဖြစ် တင်းမာမှု မြင့်တက်လာခဲ့တာပါ။

ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကို တုံ့ပြန်တဲ့အနေနဲ့ စခဲ့တာဖြစ်ပေမဲ့ ဆန္ဒပြသူတွေဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုရင်း နိုင်ငံရေးအရ အမြန်ပြောင်းသွားခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက ဆန္ဒပြသူများစွာ သေဆုံးမှုကို မှတ်တမ်းတင်ထားပါတယ်။ နော်ဝေအခြေစိုက် Hengaw လူ့အခွင့်အရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း လူပေါင်း ၂,၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013