
အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာနေပြီး သေဆုံးသူ ၆၀ ကျော်အထိ မြင့်တက်လာကာ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ကာကွယ်ရမယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ဒီနှစ်ပတ်အတွင်း ဆန္ဒပြသူတွေ အများအပြား သေဆုံးနေဖြစ်ပြီး၊ ဒီဇင်ဘာ ၂၈ ရက်ကစလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ယောက်နဲ့ ဆန္ဒပြသူ ၄၈ ယောက် အပါအဝင် အနည်းဆုံး သေဆုံးသူ ၆၂ ယောက်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ HRANA က မှတ်တမ်းတင်ထားပါတယ်။
ပဋိပက္ခနဲ့ မီးရှို့မှုတွေကြောင့် တညတည်းမှာပဲ ရဲအရာရှိအများအပြား သေဆုံးခဲ့ကြောင်း အစိုးရပိုင် သတင်းဌာနက ဖော်ပြပါတယ်။
ကုလသမဂ္ဂအနေနဲ့ အသက်ဆုံးရှုံးမှုတွေကြောင့် စိတ်ထိခိုက်နေရပြီး၊ ကမ္ဘာပေါ်ရှိ ဘယ်နေရာမှာမဆို ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရှိပြီး အစိုးရတွေက ဒီအခွင့်အရေးကို လေးစားကာကွယ်ဖို့ တာဝန်ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဒူဂျာရစ်က သတိပေးပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အမီယာဆာအိဒ်အီရာဗာနီကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေက အကြမ်းဖက်ဖျက်ဆီးမှုအဖြစ် ပြောင်းလဲသွားတာကြောင့် အမေရိကန်ကို အပြစ်တင်ရမယ်လို့ ပြောပါတယ်။
ခြိမ်းခြောက်မှု၊ လှုံ့ဆော်မှု၊ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကို အားပေးတာက တဆင့် အစ္စရေးအစိုးရနဲ့ ပူးပေါင်းပြီး အီရန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့လည်း ဆိုပါတယ်။
အီရန်အဓိပတိ အယာတိုလာ အလီခါမေနီကလည်း ဆန္ဒပြသူတွေဟာ ပြည်ပရှိအတိုက်အခံအဖွဲ့တွေ၊ အမေရိကန် ကိုယ်စားလုပ်ဆောင်နေကြပြီး နိုင်ငံခြားသားတွေအဖြစ် လုပ်ဆောင်နေသူတွေကို သည်းခံမှာမဟုတ်ဘူးလို့ ရုပ်မြင်သံကြားမှာ ပြောပါတယ်။
တချို့ဆန္ဒပြသူတွေကို အမေရိကန်သမ္မတကိုယ်စား လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲပြီး၊ အဓိကရုဏ်းသမားတွေကအများပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးနေကြတယ်လို့ ဆိုထားပါတယ်။
ပြည်ပကအတိုက်အခံအဖွဲ့တွေကတော့ ဆန္ဒပြပွဲတွေ ပိုမိုကျယ်ပြန့်စေဖို့ တောင်းဆိုခဲ့ပြီး၊ ကွယ်လွန်သူ ရှားဘုရင်ရဲ့ သားဖြစ်သူ ပြည်ပရောက် ရီဇာပါလာဗီကလည်း လူမှုမီဒီယာကနေ “ကမ္ဘာကြီးက ကြည့်နေပြီ၊ လမ်းမပေါ်ကို ချီတက်ကြ”လို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အီရန်အာဏာပိုင်တွေက အင်တာနက်ကို ဖြတ်တောက်ခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်မှာ အီရန်နဲ့ ပြင်ပကမ္ဘာအကြား အဆက်အသွယ်လုံးဝ ပြတ်သွားခဲ့ပါတယ်။
အီရန်အာဏာပိုင်တွေက ဆန္ဒပြမှုတွေ ကျယ်ပြန့်လာတာကို ထိန်းချုပ်ဖို့ အင်တာနက်ကို ဖြတ်တောက်ထားအပြင် ဖုန်းခေါ်လို့မရအောင်လုပ်တာ၊ လေယာဉ်ခရီးစဉ်ဖျက်တာနဲ့ အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တွေ အပ်ဒိတ် မရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။
အီရန်မှာ ငွေကြေးဖောင်းပွမှုကြောင့် စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေက အီရန် ဘာသာရေးခေါင်းဆောင်တွေ အတွက်တော့ ၃ နှစ်အတွင်း အကြီးမားဆုံး ပြည်တွင်းရေးစိန်ခေါ်မှုဖြစ်ပြီး အစောပိုင်း ဆန္ဒပြမှုတွေက စီးပွားရေးအဓိကဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အာဏာပိုင်တွေကို တိုက်ရိုက် ရည်ရွယ်တဲ့ ကြွေးကြော်သံတွေ ပါဝင်ခဲ့ပါတယ်။
Source:Reuters











