
စပိန်ရဲတပ်ဖွဲ့ဟာ "Black Axe" ပုဆိန်နက်ဂိုဏ်းလို့ လူသိများတဲ့ နိုင်ငံတကာရာဇ၀တ်ဂိုဏ်းကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးလုပ်ရာမှာ လူ ၃၄ ယောက်ကို ဖမ်းဆီးခဲ့ပြီး လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ စာရွက်စာတမ်း အတုပြုလုပ်မှုတို့နဲ့ စွပ်စွဲခံထားရကြောင်း ယူရိုပိုလ် (Europol) အဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။
ဖမ်းဆီးမှုတွေကို တောင်ပိုင်းရှိ ဆီဗီးလ်မှ အရှေ့မြောက်ပိုင်းရှိ ဘာစီလိုနာအထိ စပိန်ပြည်နယ် အများအပြားမှာ ပြုလုပ်ခဲ့ပြီး ဥရောပသမဂ္ဂ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( ယူရိုပိုလ်) ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ပိုမိုကျယ်ပြန့်တဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် ဂျာမနီရှိ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ယူရိုပိုလ်က ပြောပါတယ်။
ပုဆိန်နက်ဂိုဏ်းဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ ကျောင်းသားသမဂ္ဂတခုအဖြစ် နိုင်ဂျီးရီးယားမှာ စတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ စနစ်တကျ ဖွဲ့စည်းထားတဲ့ အကြမ်းဖက် ရာဇဝတ်အဖွဲ့အဖြစ် ပြောင်းလဲလာကာ အွန်လိုင်းအခြေပြု ငွေကြေးရာဇဝတ်မှုတွေကို အဓိကလုပ်ဆောင်လာတာပါ။
ရာဇဝတ်ဂိုဏ်း ကွန်ရက်ဟာ အလုပ်လက်မဲ့နှုန်းမြင့်မားတဲ့ စပိန်နိုင်ငံရဲ့ ဆင်းရဲတဲ့ဒေသတွေမှာ ရာဇဝတ်အဖွဲ့တွေအတွက် ငွေကြေးလွှဲပြောင်းပေးသူတွေကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒီကွန်ရက်ဟာ သူ့ရဲ့ သားကောင်တွေကို ယူရို ၅ ဒသမ ၉ သန်းကျော် (ဒေါ်လာ ၆ ဒသမ ၈၇ သန်း) လိမ်လည်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ခန့်မှန်းထားကြပါတယ်။
Source: Reuters











