
ပါကစ္စတန်နိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ “ဒူရန်ဒါးဟ်” အမည်ရ ဘောလိဝုဒ် သူလျှိုဇာတ်ကားဟာ နယ်စပ်ဖြတ်ကျော်တင်းမာမှုတွေကို ပုံဖော်ရိုက်ကူးထားတာနဲ့ ပတ်သက်ပြီး ၂ နိုင်ငံလုံးမှာ ပြင်းထန်တဲ့ ငြင်းခုံမှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ အမျိုးသားရေးဆိုင်ရာရုပ်ရှင်တွေ တိုးလာနေချိန်မှာ အိန္ဒိယမှာ ရုံဝင်ငွေ လက်မှတ်အရောင်းစံချိန်တွေကို ချိုးဖောက်အောင်မြင်နေပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ ရာဇဝတ်ကွန်ရက်တွေကို စိမ့်ဝင်ထိုးဖောက်တဲ့ အိန္ဒိယ ထောက်လှမ်းရေး အေးဂျင့်တယောက်အဖြစ် ရန်ဗီးဆင်းန် သရုပ်ဆောင်ထားတဲ့ “ဒူရန်ဒါးဟ်” ရုပ်ရှင်ဇာတ်ကားကို ပါကစ္စတန် အရာရှိတွေနဲ့ နိုင်ငံတကာဝေဖန်ရေးဆရာတချို့တို့က ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေကို ခံခဲ့ရပြီး အိန္ဒိယမှာ အခုနှစ်ရဲ့ အကြီးမားဆုံး စီးပွားရေး အောင်မြင်မှုတွေထဲက တခု ဖြစ်လာခဲ့ပါတယ်။
ဒါရိုက်တာ အဒစ်တ်ယာဒါးဟ် ရိုက်ကူးထားတဲ့ ၃ နာရီခွဲကြာ ရုပ်ရှင်ကို ၁၉၉၉ ခုနှစ် လေယာဉ်ပြန်ပေးဆွဲမှု၊ ၂၀၀၁ ခုနှစ် လွှတ်တော်တိုက်ခိုက်မှုနဲ့ ၂၀၀၈ ခုနှစ် မွမ်ဘိုင်းတိုက်ခိုက်မှုတွေ အပါအဝင် သမိုင်းဝင် ဖြစ်ရပ်မှန်တွေကို ကရာချိဂိုဏ်းတွေနဲ့ အကြမ်းဖက်ကွန်ရက်တွေအကြား ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြိုခွင်းမဲ့ အိန္ဒိယသူလျှိုတယောက်ရဲ့ မစ်ရှင်အကြောင်း စိတ်ကူးယဉ်ဇာတ်လမ်းအဖြစ် ရောနှောထားပါတယ်။
အနည်းအကျဉ်းလောက်သာ ကြော်ငြာပြီး ဒီဇင်ဘာ ၅ ရက်မှာ စတင်ပြသလိုက်တဲ့ “ဒူရန်ဒါးဟ်” ဇာတ်ကားဟာ လက်မှတ်ရောင်းချမှုမှာ ရူပီး ၁၂ ဒသမ ၁၅ ဘီလီယံ (ဒေါ်လာ ၁၃၄ ဒသမ ၇၆ သန်း) ကျော် ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဝင်ငွေအများဆုံး ဘောလိဝုဒ်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။
ဒီဇာတ်ကားဟာ အိန္ဒိယ ရုပ်ရှင်လောကမှာ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ မူဝါဒတွေနဲ့ ကိုက်ညီတဲ့ အမျိုးသားရေးအခြေပြု ရုပ်ရှင်တွေဆီ ဦးတည်လာနေတဲ့ အိန္ဒိယ ရုပ်ရှင်လောကရဲ့ လမ်းကြောင်းတခု တိုးတက်လာမှုကို ကိုယ်စားပြု ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် တကယ့်ဖြစ်ရပ်တွေအပေါ် ဆွေးနွေးငြင်းခုံမှုတွေ ရှိခဲ့ပေမဲ့ စီးပွားရေးအရ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ နောက်ဆက်တွဲအဖြစ်လည်း မြင်နိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရုပ်ရှင်ဝေဖန်ရေးဆရာတချို့ဟာ အွန်လိုင်းမှာ အပျက်သဘောဆောင် သုံးသပ်ချက်တွေအတွက် နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သုံးသပ်သူတွေအပေါ် “ပစ်မှတ်ထား တိုက်ခိုက်မှုတွေ” အပေါ် ရုပ်ရှင်ဝေဖန်ရေးဆရာများအသင်းက ရှုတ်ချခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာ သရုပ်ဖော်ထည့်ရိုက်ထားတဲ့ ပါကစ္စတန်ရဲ့ လိုင်ယာရီမြို့က ဒေသခံတွေကတော့ သရုပ်ဖော်မှုက မမှန်ကန်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။
“အိမ်နီးချင်းနိုင်ငံက ကျနော်တို့နိုင်ငံအကြောင်း ဘာမှမသိဘဲ ရိုက်ထားတဲ့အတွက် လုံးဝ အခြေအမြစ်မရှိတဲ့ ရုပ်ရှင်ပါပဲ” လို့ လိုင်ယာရီမြို့ခံနဲ့ ဘာဂါဆိုင်ပိုင်ရှင် မိုဟာမက် ဇိုဟိုက်ဘ်က ပြောပါတယ်။
“ဇာတ်ကားထဲမှာ ပြထားတဲ့အရာရဲ့ ၁၀ ရာခိုင်နှုန်းလောက်က တကယ့်အဖြစ်မှန်တွေဖြစ်ပြီး ၉၀ ရာခိုင်နှုန်းက တကယ်မဟုတ်ဘူး” လို့ အလှပြင်ဆိုင်ပိုင်ရှင် မြို့ခံ ခိုင်ဇာ အဗ္ဗဒူလ် ဝါဟစ်က ပြောကြားခဲ့ပါတယ်။
လုပ်ကြံခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ ရုပ်ရှင်ထဲမှာ အသုံးပြုတာနဲ့ ပါတီခေါင်းဆောင်တွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ပုံဖော်ထားတဲ့အပေါ် ပါကစ္စတန် ပြည်သူ့ပါတီဟာ ပြီးခဲ့တဲ့လက ကရာချိတရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
ပါကစ္စတန်ဟာ ၂၀၁၉ ခုနှစ်မှာ အိန္ဒိယရုပ်ရှင်တွေကို ပိတ်ပင်ခဲ့ပေမဲ့ VPN တွေနဲ့ တရားမဝင် ဒေါင်းလုဒ်တွေကို အသုံးပြုပြီး ရုပ်ရှင်အသစ်တွေကို ကြည့်ရှုကြတဲ့ ပရိသတ်တွေနဲ့ ဘောလိဝုဒ်က ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
Source: Reuters










