DVB Logo
Home
Lead Story
စာရေးဆရာ ထင်လင်းဦးအမှုဟာ နိုင်ငံရေးလုပ်ကြံမှုပါ - ရှေ့နေ ဦးသိန်းသန်းဦး
DVB
·
December 18, 2014
စာရေးဆရာ ထင်လင်းဦးအမှုဟာ နိုင်ငံရေးလုပ်ကြံမှုပါ - ရှေ့နေ ဦးသိန်းသန်းဦး
Donate to DVB

[caption id="attachment_74092" align="alignright" width="449"]ဓာတ်ပုံ - Kyaw Moe Hlaing ဓာတ်ပုံ - Kyaw Moe Hlaing[/caption]

ဘာသာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂ ခုနဲ့ တရားစွဲခံထားရပြီး မုံရွာထောင်မှာ ချုပ်နှောင်ခံထားရတဲ့ စာရေးဆရာ ထင်လင်းဦးအမှုဟာ နိုင်ငံရေးလုပ်ကြံမှုကြီးတခုလို့ သူ့ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဦးထင်လင်းဦးအမှုက မထူးဆန်းဘဲ တရားစွဲတဲ့ အဖွဲ့အစည်းက ထူးဆန်းနေပြီး သူပြောခဲ့တဲ့ စကားအတိမ်အနက်အပေါ် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို သူတာဝန်ခံရမှာဖြစ်တယ်။ ဒီလောက်နဲ့ မပြီးဘူးဆိုရင်တော့ နောက်ကွယ်မှာ မသမာတဲ့ ရည်ရွယ်ချက်တွေရှိနေပြီလို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။

ရှေ့နေ ဦးသိန်းသန်းဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးထင်လင်းဦးကို စွဲထားတဲ့ ပုဒ်မ ၂ ခုကို အရင် ရှင်းပြပါ။

“ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က) ဆိုတာက သူတပါးကိုးကွယ်တဲ့ ဘာသာသာသနာကို ညစ်နွမ်း အသရေပျက်အောင် ပြောတာပေါ့။ ရန်စ စော်ကားပြောဆိုတာပေါ့။ ပုဒ်မ ၂၉၈ ဆိုတာကတော့ ဒီလူ ရှိနေလျက်သားနဲ့ သူကြားအောင် တမင်ပြောတာပေါ့။ တဦးတယောက်ကို ရည်ညွှန်းတဲ့ ဟာ၊ ၂၉၅(က)ကတော့ အားလုံးကို ရည်ညွှန်းတဲ့ဟာပေါ့။

ဦးထင်လင်းဦးကို ချောင်းဦးတရားရုံးက အာမခံမပေးဘဲ မုံရွာထောင်ပို့ပြီး ချုပ်လိုက်တယ်။ ဒီပုဒ်မတွေက အဲ့ဒီလို လုပ်လို့ရလား။

“ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၅(က)က အာမခံပေးခွင့် မရှိဘူး။ ၂၉၈ ကတော့ အာမခံပေးလို့ရတယ်။ ဥပဒေအရပြောရရင်တော့ အာမခံမပေးတာ မပေးခွင့်ရှိတာပေါ့။ မပေးတာက ဥပဒေနဲ့အညီ လုပ်တယ်လို့ပဲ ပြောရမယ်။ သို့သော် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၄၉၇ အရ သေဒဏ်ကျွန်းဒဏ် ထိုင်သင့်တဲ့အမှု မဟုတ်ရင် တရားရုံးက ဆင်ခြင်တုံတရားအရ အာမခံပေးလိုက ပေးခွင့်ရှိတယ်။ ကျနော်ထင်တာက အဲ့ဒီနေ့က သံဃာတော်တွေလာကြတော့ ရုံးက ရှိန်ပြီး မပေးတာ ဖြစ်မယ်။”

အဲဒီလို သံဃာတော်တွေနဲ့ အမျိုးဘာသာသနာလူတချို့က တရားရုံးသွားပြီး ခြိမ်းခြောက်သလို ဘာလိုလို့ လုပ်တယ်လို့လည်း ကြားရတော့ ဘယ်လိုမြင်မိလဲ။

ကိုထင်လင်းဦးဖြစ်တဲ့ကိစ္စမှာ သူပြောတဲ့ဆိုတဲ့ကိစ္စကတော့ သူ တာဝန်ယူရမှာပါ။ သူပြောတာ စေတနာနဲ့ ပြောတာဆိုတာလည်း နားလည်ပါတယ်။ သူလည်း ဗုဒ္ဓဘာသာပဲဗျ၊ ဘာသာ သာသနာကို စော်ကားလိုတဲ့စိတ်နဲ့ ပြောတာတော့ မဟုတ်ဘူး။ စကားပြောမှားတာ အသုံးအနှုန်း မှားတာ တချို့ရှိတယ်။ တချို့ သံဃာတော်တွေက မခံမရပ်နိုင်ဖြစ်တာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီနေရာတင် ဒီပြဿ နာက ရပ်ရမှာပေါ့နော်။ ဒီနေရာတင်မရပ်ဘဲ ဒီပြဿ နာက အကျယ်တ၀င့်ဆိုတော့ နောက် ကိုထင်လင်းဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်နေတော့ကာ ဒီလောက်ကြီး ပွက်ပွက်ဆူဖြစ်သွားတာက သူက အန်အယ်လ်ဒီ ဖြစ်နေလို့ပါ။ အဓိကကတော့ သူ့တင်မှာ မရပ်ချင်ပါဘူး။ အန်အယ်လ်ဒီဆီ လာမှာပေါ့ဗျာ။ တကယ်လည်း စွပ်စွဲတဲ့သူတွေ ရှိတာပေါ့။ အန်အယ်လ်ဒီကလည်း သူတို့နဲ့မဆိုင်ဘူး။ သူ့ကို ထုတ်လိုက်ပြီလို့လည်း ပြောတာကို၊ ထုတ်လိုက်ရုံနဲ့ မရဘူးလို့ ပြောတဲ့သူတွေလည်း ရှိနေတာကိုး။ ရှိတော့ ဒီဟာက နိုင်ငံရေးလုပ်ကြံမှုပါ။

“ကိုထင်လင်းဦး ပြောခဲ့တာတွေအတွက်တော့ တရားရုံးဆုံးဖြတ်ချက်ကို သူတာဝန်ယူ တာဝန်ခံရမှာပါ။ ကျနော်တို့က အဲ့ဒီနေရာတင် ရပ်ချင်ပါတယ်။ အဲ့ဒီနေရာတင်မရပ်ဘဲ နောက်ကနေ လာပြီဆိုရင်တော့ ဒါ နောက်ကွယ်မှာ မသမာတဲ့ ရည်ရွယ်ချက်တွေရှိတယ်လို့ ကျနော်တို့ ပြောမှာပါပဲ၊ မထူးဆန်းပါဘူးဗျာ၊ ဒါမျိုးက လုပ်ကြံနေကြတွေပါ။”

အမှုနဲ့ပတ်သက်လို့ ဘာဆက်လုပ်ဖို့ရှိလဲ။

“ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေပါ။ ဘာသာသာသနာအပေါ် အမွန်အမြတ်ထားပါတယ်။ သံဃာတော်တွေဆိုတာလည်း ဘုရားနဲ့ တဂိုဏ်းထဲပါပဲ။ ရတနာသုံးပါမှာ သံဃာတော် ဆိုတာလည်းပါတော့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျနော်တို့က ၀န်ချတောင်းပန်ရမှာပါ။ သံဃာတော်တွေရဲ့ ခြေအစုံကို ခေါင်းနဲ့ ဦးတိုက်ပြီးတော့ တပည့်တော်တို့ကို ခွှင့်လွှတ်ပါ၊ ကိုထင်လင်းဦး မှားတယ်ဆိုရင်လည်း ရှိခိုးဦးတင် တောင်းပန်ပြီးတော့ သပိတ်ကန်ဆောင်ထား တာ ဖယ်ပေးဖို့ တောင်းပန်ရမယ်။ ဖယ်သည်ဖြစ်စေ၊ မဖယ်သည်ဖြစ်စေ ဗုဒ္ဓသာသာနာဝင်ဖြစ်တဲ့ အတွက် သံဃာတော်စိတ်ငြိုငြင်စေတယ်ဆိုရင် ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် တောင်းပန်မှာပါ။ ဒါက တပိုင်းဖြစ်ပြီး အဲ့ဒီအပိုင်းကို ကျနော်တို့ ဆောင်ရွက်မှာပါ။ မန္တလေးမှာရှိတဲ့ သံဃာတော်ကြီးတွေကို လျှောက်ပြီးတော့ ဆောင်ရွက်မှာပါ။ တရားစွဲတဲ့ကိစ္စမှာတော့ လ၀က က တရားလိုလုပ်ပြီး တရားစွဲထားတာကို ကျနော် အံ့သြမိပါတယ်။ အမှုက မထူးဆန်းဘဲ တရားစွဲတဲ့ အဖွဲ့အစည်းက ထူးဆန်းပါတယ်။ သာသနာရေးကသော်လည်းကောင်း သံဃာအဖွဲ့အစည်းကသော်လည်းကောင်း မစွဲဘဲ လ၀က က ဘာလို့ တရားစွဲသလဲဆိုတာ ကျနော်လည်း တရားရုံးရောက်မှ သိမှာပေါ့နော်၊ အမှုကိုတော့ ဥပဒေနဲ့အညီ ရင်ဆိုင်သွားပါမယ်။”

အခု ဦးထင်လင်းဦးကို စွဲထားတဲ့ ပုဒ်မတွေအရဆိုရင် ပြစ်ဒဏ် ဘယ်လောက်ကျခံနိုင်ရသလဲ။

“ပုဒ်မ ၂၉၅၉ (က) အရဆို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်၊ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး။ ပုဒ်မ ၂၉၈ အရတော့ အမြင့်ဆုံးပြစ်ဒဏ် ၁ နှစ်၊ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး။ ဥပဒေသဘောအရဆိုရင်တော့ ပြုလုပ်ဆောင်ရွက်မှု တခုတည်းအတွက် နှစ်မျိုး အပြစ်မပေးဘူး၊ ပေးရင်လည်း တပေါင်းတည်းပေးမယ်လို့ပဲ ယူဆပါတယ်။”

ဦးထင်လင်းဦးအမှုနဲ့ ပတ်သက်လို့ ဖြည့်စွက် ဆွေးနွေးလိုတာရှိရင် ဆွေးနွေးပေးပါ။

“ဒီအမှုမှာ အမှုရဲ့ အတိမ်အနက် အလားအလာပေါ်မှာ ကျနော်တို့ သဘောထားအမှန်တွေ သိကြရမှာပါ။ တရားစီရင်ရေးဟာ ဘယ်လောက်မှန်ကန်မျှတမှုရှိတယ်။ တရားမျှတမှု ရှိတယ်ဆိုတဲ့ အချက်အလက်တွေကို အကဲဖြတ်တဲ့ စိန်ခေါ်တဲ့ အမှုတခု ဖြစ်လာမှာပါ။”

အန်အယ်ဒီပါတီ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို ဘာသာသာသနာ ညှိုးနွမ်းအောင်လုပ်တယ်ဆိုပြီး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တရားရုံးက ဒီဇင်ဘာ ၁၇ ရက်မှာ တရားစွဲဆိုထားပါတယ်။ သူ့ကို တရားရုံးက အာမခံ မပေးဘဲ မုံရွာထောင်မှာ ချုပ်နှောင်ထားပြီး လာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ တရားရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။

ဦးထင်လင်းဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ၊ စာပေဟောပြောပွဲမှာ ဘာသာသနာညှိုးနွမ်းစေတဲ့စကားတွေ ဟောပြောခဲ့ တယ်ဆိုပြီး အခုလို တရားစွဲချုပ်နှောင်ခံထားရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013