
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာရှိတဲ့ ကနေဒီတောင်စခန်းကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား ၂၀ ကို သုံ့ပန်းအဖြစ် ဖမ်းဆီးမိထားသလို လက်နက်ခဲယမ်း အလက် ၃၀ ကျော်ကိုလည်း ရရှိခဲ့တယ်လို့ PDF Zoland တာဝန်ရှိသူက ပြောပါတယ်။
အင်အား ၆၀ ကျော်နဲ့ တပ်စွဲထားတဲ့ ကနေဒီတောင်စခန်းကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ချင်းညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ PDF နဲ့ CDF CDM Siyin အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ စခန်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေဆုံးခဲ့ပြီး အယောက် ၂၀ ကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း အလက် ၃၀ ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
PDF Zoland စစ်ဦးစီးချုပ် ကိုဂိဒွန်က “ချင်းညီနောင် PDF Zolaand က ဦးဆောင်ပြီးတိုက်တယ်။ CDF CDM Siyin ပူးပေါင်းပြီးတော့ တိုက်ကြတယ်။ သုံ့ပန်း အယောက် ၂၀ လောက်ဖမ်းမိထားတယ်။ လက်နက်ကတော့ အလက် ၃၀ ကျော်မယ်” လို့ ပြောပါတယ်။
ဖလမ်းမြို့နယ် ခွန်လီရွာအနီးတောင်ကုန်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နေရာတွေကိုလည်း ဇန်နဝါရီ ၅ ရက်မှာ ချင်းပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့ မနက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။











