DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ သံဃာအချို့ ဒဏ်ရာရ
DVB
·
January 8, 2026
ဂန့်ဂေါတွင် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ သံဃာအချို့ ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ဘုန်းကြီးကျောင်းကို ဇန်နဝါရီ ၇ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သံဃာတချို့ ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းဆောင်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ဂန့်ဂေါမြို့နယ်ထဲက မြင်းဇာရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတည့်တည့်ကို စစ်တပ်ရဲ့ Yak 130 အမျိုးအစား ဂျက်ဖိုက်တာက Rocket ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းမှာရှိကြတဲ့ ဦးပဥ္စင်းတပါးနဲ့ ကိုရင်တပါးတို့ ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။ ကျောင်းဝိုင်းအတွင်းမှာရှိကြတဲ့ ကျောင်းဆောင်တချို့လည်း မီးလောင်ပျက်စီးကုန်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဂျက်ဖိုက်တာဟာ ကလေးမြို့နယ်ဘက်ကနေ ပတ်ပြန်လာပြီးမှ မြင်းဇာကျေးရွာ ဘုန်းကြီးကျောင်းဝင်းကျင်ကို လှည့်ပတ်​ပျံသန်းပြီးမှ ပစ်မှတ်ကိုရှာဖွေကာ ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ခံ ဆရာငြိမ်းက “ဂန့်ဂေါနယ်ထဲကို သူတို့ စကစ ဘက်က အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်ရက်ကလည်း နီးလာပြီ။ နောက်ပြီး ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ Yawland Opreation စစ်ဆင်ရေးအတွင်းမှာ ပျူစောထီးရွာ တရွာကိုလည်း သိမ်းပိုက်ထားနိုင်နေတဲ့ အနေအထား ဖြစ်နေတော့ လေကြောင်းတိုက်ခိုက်ခံရတာတွေက နေ့တိုင်းလောက်ပဲ ဖြစ်နေတာ။ ဒါပေမဲ့လည်း ကျနော်တို့ရဲ့ စစ်ရေးအရှိန်က ရပ်တန့်သွားမှာမဟုတ်ဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယောဒေသက ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်လို့ ပြည်သူပိုင်နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကြရသလို ဒေသခံပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ ဂန့်ဂေါခရိုင်အတွင်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာတွေနဲ့ ပျူစောထီးရွာ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်စောပိုင်းက စတင်ပြီး Yawland Opreation စစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ဆင်ရေးနယ်မြေအတွင်းမှာ ရှိကြတဲ့ ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူးသတိပြု သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013