
မက္ကဆီကိုနိုင်ငံအနောက်ပိုင်း နာယာရစ်ပြည်နယ်မှာ အလုပ်သမားနေ့ အားလပ်ရက် အပန်းဖြေခရီး ထွက်လာတဲ့ ခရီးသွားဘတ်စ်ကား တစီး မေ ၁ ရက်မှာ တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဟာလစ္စကိုပြည်နယ်ကနေ ထွက်ခွာလာတဲ့ အဲဒီဘတ်စ်ကားဟာ အမတ်တ်လန်ဒီကားညပ်စ် မြို့အနီးမှာ အဝေးပြေးလမ်းပေါ်ကနေ ချော်ထွက်ပြီး တိမ်းမှောက်သွားတာလို့ ပြည်နယ်အစိုးရက ပြောပါတယ်။
တာဝန်ရှိသူတွေ ပြောဆိုချက်အရ ခရီးသည်တွေဟာ နာယာရစ်ပြည်နယ်ထဲက အပန်းဖြေစခန်း တခု ဆီ သွားနေရင်း မတော်တဆမှု ဖြစ်ကြတာပါ။
နာယာရစ်နဲ့ ဟာလစ္စကိုက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းနဲ့ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်း စုံစမ်းစစ်ဆေးဖို့ လမ်းကို ပိတ်ထားခဲ့ပါတယ်။ ဘတ်စ်ကားကတော့ ဘေးတဘက်ကိုလဲကျနေပြီး ရွှံ့တွေနဲ့ ဖုံးလွှမ်းနေပါတယ်။
လက်တင်အမေရိကနဲ့ မက္ကဆီကို အဝေးပြေးလမ်းမတွေပေါ်မှာ အခုလို လူသေဆုံးမှုများတဲ့ ဘတ်စ်ကား မှောက်မှုတွေ ခဏခဏ ဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာတုန်းကလည်း ကုန်တင်ရထားနဲ့ ၂ ထပ်ဘတ်စ်ကား တိုက်မိလို့ ၁၁ ယောက် သေဆုံး ခဲ့ဖူးသလို ၂၀၂၅ ဖေဖော်ဝါရီတုန်းကလည်း ဘတ်စ်ကားနဲ့ နောက်တွဲယာဉ် တိုက်မိပြီး မီးလောင်ရာကနေ လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
မက္ကဆီကိုမှာ ခရီးသည်တင်ရထားတွေက နည်းပါးတာကြောင့် ဘတ်စ်ကားတွေက အဓိက သယ်ယူ ပို့ဆောင်ရေး ဖြစ်နေပါတယ်။
လက်ရှိ သမ္မတ ကလောက်ဒီယာ ရှိမ်းဘောင်းမ်အစိုးရကတော့ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကို ချိတ်ဆက်ပေးနိုင်ဖို့ ခရီးသည်တင် ရထားလမ်းကွန်ရက်ကို အကြီးအကျယ် တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။
Source:Reuters










