DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် မြေမြှုပ်မိုင်းအန္တရာယ် ပိုများလာနေ
DVB
·
January 7, 2026
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် မြေမြှုပ်မိုင်းအန္တရာယ် ပိုများလာနေ
Donate to DVB

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် မြေမြှုပ်မိုင်းတွေကြောင့် ခြေလက်အင်္ဂါတွေနဲ့ ဘဝတွေ ဖျက်ဆီးခံနေရတဲ့အကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

စစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နယ်စပ်တလျှောက် ထူထပ်တဲ့ တောင်ကုန်းသစ်တောတွေထဲ ရွာသားတွေဟာ သူတို့ ဖန်တီးထားတာ မဟုတ်တဲ့ ပဋိပက္ခရဲ့ သားကောင်တွေ ဖြစ်လာနေပြီး မြေမြှုပ်မိုင်းတွေကြောင့် ခြေ လက် အင်္ဂါတွေ ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။

အသက် ၄၀ အရွယ် အလီ ဟူစိန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းတုန်းက တောထဲမှာ ထင်းကောက်နေချိန် ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ဘဝကို ပျက်စီးစေခဲ့ပါတယ်။

“ကျနော် တခြားရွာသားတွေနဲ့အတူ တောထဲကို သွားခဲ့တာပါ။ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပြီး ကျနော့်ခြေထောက် ပြတ်ထွက်သွားတယ်။ ကျနော် အားကုန်ဟစ်အော်ခဲ့မိတယ်။”

အိမ်နီးနားချင်းတွေက အပြေးအလွှား လာရောက်ခဲ့ကြပြီး သူ့ကို မ ချီကာ ပြတ်ထွက်သွားတဲ့ ခြေထောက်ကို ကောက်ယူပြီး ဆေးရုံကို ခေါ်သွားပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဘန်ဒရီဘန်ခရိုင်ထဲက အာရှာတိုလီ အမည်ရတဲ့ ရွာငယ်လေးဟာ စစ်ပွဲတွေရဲ့ လက်နက်တွေကြောင့် သစ်တော၊ လယ်ကွင်းတွေနဲ့ လူသွားလမ်းတွေဟာ သေမင်းတမန်တမျှ အန္တရာယ် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ အရှေ့ဘက်နယ်စပ်ဟာ အမှတ်အသားမရှိတဲ့ သစ်တောတွေ၊ မြစ်ချောင်းတွေကို ဖြတ်သန်းသွားနေတာပါ။

ဒေသခံရွာသားတွေဟာ ထင်းကောက်ဖို့၊ ဒါမှမဟုတ် အသေးစားကုန်သွယ်မှုတွေ ပြုလုပ်နိုင်ဖို့ သူတို့မိသားစုတွေ မျိုးဆက်နဲ့ချီ လုပ်ဆောင်ခဲ့သလိုပဲ နယ်စပ်ကို နေ့စဉ် ဖြတ်သန်း သွားလာနေကြတာ ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်တွေဟာ ဟူစိန်ရဲ့ ခြေထောက်ကို ဒူးအထက်ကနေ ဖြတ်ထုတ်လိုက်ကြရပြီးနောက်မှာတော့ သူဟာ ဇနီးသည်ရဲ့ အကူအညီနဲ့ သူ့ကို ကျောပိုးပြီး သွားလာခဲ့ရတဲ့အကြောင်း ပြန်ပြောင်းပြောပြပါတယ်။

အချိန်တနှစ်အကြာမှာတော့ ဟူစိန်ဟာ ခြေတုနဲ့ ချိုင်းထောက်ကို အသုံးပြုပြီး လမ်းလျှောက်နိုင်နေပြီ ဖြစ်ပေမဲ့ ရာဘာခြံက သူ့ရဲ့အလုပ်ကိုတော့ ပြန်မသွားနိုင်တော့ပါဘူး။

ဆေးဖိုဝါးခအတွက် တရက်ကို တာကာငွေ ၃၀၀ လိုအပ်တာကြောင့် သူ့ရဲ့ သား ၂ ယောက်က ကျောင်းဆင်းချိန်မှာ ဖခင်ဖြစ်သူ အရင်က လုပ်ကိုင်ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ထင်းကောက် အလုပ်ကို လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အလားတူ ဇာတ်လမ်းဆိုးတွေဟာ မြန်မာနဲ့ နယ်စပ်ဒေသတလျှောက် ပျံ့နှံ့နေတယ်လို့ ဆိုပါတယ်။

အသက် ၄၇ နှစ်အရွယ် မိုဟာမက် အဘူ တာလက်ဘ်ကလည်း “ကျနော့်အဖေနဲ့ ဘိုး ဘွားတွေက တောထဲက ထင်းကောက်ခဲ့ကြတာ။ ကျနော်လည်း တခြားအလုပ် ဘာမှ မလုပ်တတ်ဘူး” လို့ ပြောပါတယ်။

တခါတော့ သူဟာ မသိလိုက်ဘဲ မြန်မာနိုင်ငံဘက်ခြမ်း နယ်နိမိတ်ကို ကျော်ဖြတ်မိသွားချိန် သစ်ရွက်ခြောက်ပုံပေါ်ကို နင်းမိလိုက်တာနဲ့ ပေါက်ကွဲမှုဖြစ်သွားတဲ့အကြောင်း ချိုင်းထောက်ကို အမှီပြုရင်း ပြောပြပါတယ်။

“အဲဒါက ကျနော့်ရဲ့ ဘဝတခုလုံးကို ယူဆောင်သွားခဲ့တာပါပဲ။”

ဒီအကျိုးဆက်ကြောင့် သူရဲ့ အသက် ၁၀ နှစ်အရွယ် သားဖြစ်သူဟာလည်း မိသားစုကို ကူညီထောက်ပံ့နိုင်ဖို့ ကျောင်းထွက်လိုက်ရသလို ခြေတုပြင်ဖို့၊ ဆေးကုသဖို့ သွားရောက်ရတဲ့ စရိတ်က ရုန်းကန်နေရတဲ့ မိသားစုအတွက် မတတ်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတဲ့ အကြောင်းလည်း တာလက်ဘ်က ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် နူးရူလ် အာမင်ကတော့ နွားတကောင်ကို နယ်စပ်ဖြတ်ကျော် သယ်ဆောင်ဖို့ ကြိုးပမ်းချိန်မှာ ခြေထောက်တဖက် ဆုံးရှုံးခဲ့ရပြီး အဲဒီမှတ်ဉာဏ်က နာကျင်မှုတွေကြောင့် ဝေဝါးနေတယ်လို့ ဆိုပါတယ်။

“သူတို့က ကျနော့်ကို ပခုံးပေါ်ထမ်းပြီး ဆေးရုံခေါ်သွားကြတယ်” လို့ သူက ပြောလိုက်ပြီး သူ့ရဲ့ လစဉ်ဝင်ငွေဟာ အလုပ်မလုပ်နိုင်တော့တဲ့အတွက် ကျဆင်းသွားခဲ့တာကြောင့် ပိုမိုစိုးရိမ်နေကြောင်းလည်း ပြောလိုက်တာပါ။

“ဒါက မိသားစုအတွက် မလုံလောက်ဘူး။ အသက်ရှင် ရပ်တည်ဖို့ တခြားနည်းလမ်း မရှိတော့ဘူး။” 

နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးပိတ်ပင်ရေး လှုပ်ရှားမှုအဖွဲ့ (ICBL) ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းဒဏ်ခံရမှု ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေပြီး နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂,၀၀၀ ကျော်ရှိခဲ့ပြီး အရင်နှစ်ကထက် ၂ ဆ တိုးလာတာလို့ ဆိုပါတယ်။

၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုင်းအသုံးပြုမှု သိသိသာသာ တိုးလာပုံရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာတော့ မိုင်းဒဏ်ခံရသူဦးရေ ပိုမိုတိုးလာတဲ့ အကြောင်းလည်း အလေးပေးဖော်ပြထားတာပါ။

ဘင်္ဂလားဒေ့ရှ်ကတော့ မြန်မာစစ်တပ်နဲ့ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့တွေက မိုင်းတွေထောင်ထားကြောင်း စွပ်စွဲထားသလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် အနည်းဆုံး လူ ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတဦး မြေမြှုပ်မိုင်းကြောင့် ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်ကာ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က သတိပေး ဆိုင်းဘုတ်တွေ အလံနီတွေ စိုက်ထူထားပြီး ပုံမှန် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အသက်ရှင် ရပ်တည်ရေးအတွက် မိုင်းတွေရှိနေတဲ့ တောထဲကို ဝင်ရောက်နေရသရွေ့ အဆိုပါ သတိပေးချက်တွေက အကာအကွယ် အနည်းငယ်သာ ပေးနိုင်ကြောင်း ရွာသားတွေက ဆိုကြပြီး ဘင်္ဂလားဒေ့ရှ် လူမှုအသိုက်အဝန်းတွေက စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ပေးဆပ်နေကြရတယ်လို့ ဆိုပါတယ်။

အသက် ၄၂ နှစ်အရွယ် တောင်သူ ဒူဒူ မီယာက “လူဦးရေ တိုးလာနေပြီး နယ်စပ်မှာ ကျနော်တို့ရဲ့ စိုက်ပျိုးမြေတွေရှိတော့ လူတွေက နယ်စပ်နဲ့ ပိုနီးလာကြတယ်။ မြေမြှုပ်မိုင်းထောင်တာဟာ ဖြေရှင်းချက် မဖြစ်နိုင်ဘူး။ ဒီလိုမျိုး ဆက်သွားလို့ မရဘူး” လို့ ပြောပါတယ်။

Source: AFP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013