DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအမှု အမြန်ဆုံးရုံးတင်ပေးရန် အမိန့်ပေး စာချွန်တော်တင်မည်
DVB
·
December 17, 2014
ကိုပါကြီးအမှု အမြန်ဆုံးရုံးတင်ပေးရန် အမိန့်ပေး စာချွန်တော်တင်မည်
Donate to DVB

ကိုပါကြီး အသတ်ခံရမှုနဲ့ပတ်သက်လို့ ၀န်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ပြီး အမြန်ဆုံး တရားရုံးတင်ပေးဖို့ လုပ်ဆောင်သွားမယ်လို့ အမှုမှာ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားရုံးရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

Ko Par Gyi06112014ကိုပါကြီးအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဇနီးသည်ဒေါ်သန္တာက မွန်ပြည်နယ်၊ ကျိုက်မရော ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားရာမှာ ရဲစခန်းဘက်က ခုချိန်အထိ အမှုနဲ့ပတ်သက်လို့ တစုံတရာ ဆက်သွယ်အကြောင်းမကြားသေးတာကြောင့် အခုလို လုပ်မှာဖြစ်တယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“အမှုဖွင့်ထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်တရားချုပ်မှာ စာချွန်တော် တက်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ပြီး အမြန်ဆုံး အမှုကို ရုံးတင်ပေးဖို့ တောင်းမယ်။ အမိန့်ပေးစာချွန်တော် လျှောက်ရမှာပါ။”

ဒီလကုန်ပိုင်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို အမိန့်ပေးစာချွန်တော် လျှောက်ထား မယ်လို့ ပြောပါတယ်။

လတ်တလောမှာ ကိုပါကြီးအသတ်ခံရမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ကာယကံရှင်နဲ့ သူ့ရှေ့နေတို့က ကန့်ကွက်ကြောင်း စာကို သမ္မတထံ ပေးပို့ထားပြီး သမ္မတဘက်က တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတာပါ။ ရက် ၃၀ အတွင်း ထူးခြားမှု မရှိရင်တော့ အရပ်ဘက် တရားရုံးကနေ သေမှုသေခင်း ဖွင့်ထားတာကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာလည်း ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အရပ်ဘက်တရားရုံးမှာ ဆက်လက်စစ်ဆေး လုပ်ဆောင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ကိုပါကြီးသေဆုံးမှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်မှာ ကျိုက်မရောရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၄ နဲ့ အမှုဖွင့်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013