DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
DVB
·
January 7, 2026
ဂန့်ဂေါတွင် စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်
1 / 3
Donate to DVB

မကွေးတိုင်း၊ ယောဒေသက ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အထိ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယောအလင်းတန်းအဖွဲ့ရဲ့ တာဝန်ရှိသူက “စစ်တပ်ဟာ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို အခုလ ၄ ရက်နေ့က ၂ ကြိမ်၊ ၅ ရက်နေ့ မနက်အစောပိုင်းမှာ ၁ ကြိမ်နဲ့ ၆ ရက်နေ့မှာ ၄ ကြိမ်တို့ကို ဂျက်ဖိုက်တာတွေအပြင် Y12 လေယာဥ်တွေနဲ့ ဗုံးအလုံးရေ ၁၀၀ နီးပါးလောက် ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တောင်ခင်ရန်းကျေးရွာက လူနေအိမ်တွေအပြင် စပါးတွေ သိုလှောင်ထားရှိရာ စပါးတိုက်တွေ ပျက်စီးခဲ့သလို စပါးတင်း ၆၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူတချို့လည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဟာ ဂန့်ဂေါခရိုင်အတွင်းက စစ်ကောင်စီတပ်တွေ တပ်စွဲထားကြတဲ့ နေရာတွေနဲ့ ပျူစောထီးရွာ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်စောပိုင်းကနေ စတင်ပြီး Yawland Opreation စစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ် ပအဖ ပြန်ကြားရေးတာဝန်ခံ ဆရာငြိမ်းက “တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ Yawland Opreation စစ်ဆင်ရေးအတွင်းမှာ ပျူစောထီးရွာ တရွာကိုလည်း သိမ်းပိုက်ရရှိထားပြီးတော့ စစ်ကောင်စီဘက်က အထိနာနေတာကြောင့်မို့လို့ လေကြောင်းပစ်ကူခေါ်တာ ဖြစ်နိုင်ပါတယ်။ သူတို့ဘက်က လေကြောင်းပစ်ကူကို ကျနော်တို့ဘက်က ဂရုမစိုက်ပါဘူး။ အဲဒီလေကြောင်းပစ်ကူတွေကြောင့်လည်း ကျနော်တို့ရဲ့ Yawland Opreation စစ်ဆင်ရေးကို ရပ်တန့်မသွား​စေနိုင်ပါဘူး” လို့ DVB ကို ပြောပါတယ်။

အခုရက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ခဲယမ်းအင်အား ပြန်လည်ဖြည့်တင်းဖို့ ထိုးစစ်တွေ ယာယီရပ်ဆိုင်းထားသလို အဆိုပါ Yawland Opreation စစ်ဆင်ရေးကို ဂန့်ဂေါခရိုင် စစ်ဌာနအတွင်းမှာ ရှိကြတဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုအပြင် မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။

စစ်ဆင်ရေးအတွင်း ၁၂၀-မမ လက်နက်ကြီးကျည်တွေ၊ ပခုံးထမ်းလောင်ချာတွေနဲ့ ၁၀၇-မမ လိုမျိုး ဖျက်အားပြင်း ရှော့တိုက်ဒုံးတွေ ရှိရင်တော့ တိုက်ပွဲရဲ့အရှိန်ကို အလျင်အမြန် ပြောင်းလဲပေးသွားနိုင်မယ်လို့လည်း Yawland Operation စစ်ဆင်ရေးအတွင်း ပါဝင်နေကြတဲ့ တော်လှန်​ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စစ်ဆင်ရေးနယ်မြေအတွင်းမှာ ရှိကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြု သွားလာနေထိုင်ကြဖို့လည်း Yawland Operation စစ်ဆင်ရေးအတွင်း ပါဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013