
ပြင်သစ်သမ္မတကတော် ဘရစ်ဂျစ်မက်ခွန်းဟာ လိင်ပြောင်းထားတဲ့ ယောကျ်ားတယောက် ဖြစ်တယ်လို့ မှားယွင်းတဲ့ စွပ်စွဲချက်တွေ ဖြန့်ဝေခဲ့မှုအတွက် လူ ၁၀ ယောက်ကို ဆိုက်ဘာနှောင့်ယှက်မှုနဲ့ အပြစ်ရှိကြောင်း ပါရီမြို့ရှိ တရားရုံးတရုံးက ဇန်နဝါရီ ၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
သမ္မတကတော်ရဲ့ ရှေ့နေယွန်-အန်နိုးချီက “ဆိုက်ဘာနှောင့်ယှက်မှုကို အသိအမှတ်ပြုပြီး တရားခံအားလုံးကို အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ဆုံးဖြတ်ချက်က ကျိုးကြောင်း ဆီလျော်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အရေးကြီးတဲ့အချက်က အသိပညာပေး သင်တန်းတွေကို ချက်ချင်းအကောင်အထည်ဖော်ရမဲ့ ယာယီအမိန့်ကို ချမှတ်ထားတာဖြစ်ပြီး၊ တချို့တရားခံတွေအတွက်တော့ သူတို့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို အသုံးပြုခွင့် ပိတ်ပင်ခံရမယ်လို့လည်း ဆိုပါတယ်။
သမ္မတကတော်က ဒီဆုံးဖြတ်ချက်ကို မျှော်လင့်နေခဲ့ပြီး တရားခံအားလုံး အပြစ်ရှိကြောင်း တွေ့ရှိတဲ့အတွက် ကျေနပ်မှာပါလို့လည်း ရှေ့နေက ပြောပါတယ်။
သမ္မတကတော်ဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ ယွန်-မီရှဲလ်ထရိုညူး ရဲ့ နာမည်အရင်းနဲ့ မွေးဖွားလာခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် လိမ်လည်မှုတွေကို ပြင်သစ်သမ္မတ ဇနီးမောင်နှံအနေနဲ့ အချိန်ကြာမြင့်စွာ ရင်ဆိုင်ခဲ့ရတာပါ။
သူတို့စုံတွဲရဲ့ အသက် ၂၄ နှစ် ကွာဟချက်အပေါ် ဝေဖန်မှုတွေနဲ့ ဆူပူမှုတွေ ရှိခဲ့တာကိုလည်း သူတို့ဟာ နှစ်ပေါင်းများစွာ လျစ်လျူရှုထားခဲ့ပေမဲ့ မကြာခင်ကတော့ တရားရုံးမှာ ပြန်စိန်ခေါ်ခဲ့ကြပါတယ်။
အခုတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မက်ခရွန်မိသားစုအတွက် အောင်ပွဲတခုဖြစ်ပြီး သမ္မတကတော်ကို ယောက်ျားလေးအဖြစ် မွေးဖွားလာတယ်လို့ စွပ်စွဲခဲ့တဲ့ လက်ယာယိမ်း အွန်လိုင်း ဆယ်လီနဲ့ ပေါ့ဒ်ကတ်စ် တင်ဆက်သူ ကန်ဒေ့စ်အိုဝင်စ် အပေါ် အမေရိကန်မှာလည်း ထင်ရှားတဲ့ သီးခြားအသရေဖျက်မှုနဲ့ တရားစွဲဆိုမှု ဆက်လုပ်ဆောင်နေပါတယ်။
အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ဟာ ဘရီးယိထ်မက်ခွန်းရဲ့ လိင်နဲ့ လိင်စိတ်ခံယူချက်အကြောင်း မကောင်းတဲ့ မှတ်ချက်တွေပေးခဲ့တာကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သူ့ခင်ပွန်းနဲ့ အသက်အရွယ် ကွာခြားမှုကိုတောင် “ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု” လို့ သတ်မှတ်ခဲ့ပါတယ်။
တရားခံတယောက်က အဆိုင်းအငံ့ မရှိဘဲ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပြီး တခြားသူတွေကတော့ ၈ လအထိ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ နောက်ထပ် ပြစ်ဒဏ်တွေထဲမှာ ဒဏ်ငွေနဲ့ မဖြစ်မနေ ဆိုက်ဘာနှောင့်ယှက်မှု အသိပညာပေးသင်တန်းတွေ ပါဝင်ပြီး၊ ၅ ယောက်ကတော့ သူတို့ တင်ခဲ့တဲ့ လူမှုမီဒီယာပလက်ဖောင်းကို အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
မက်ခွန်းအမှုမှာ တရားခံတချို့က သူတို့ရဲ့ မှတ်ချက်တွေက ဟာသအနေနဲ့ ရေးခဲ့တာဖြစ်ကြောင်း ကာကွယ်ချေပခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့ပါတယ်။
တရားခံတယောက်ဖြစ်တဲ့ ပြခန်းပိုင်ရှင်နဲ့ စာရေးဆရာ အသက် ၅၅ နှစ်ရှိ ဘာထရန်ရှိုလာ ကတော့ သူ့ရဲ့ ၆ လကြာ ဆိုင်းငံ့ထောင်ဒဏ်ကို အယူခံဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။











