
ဖူဂျီဆပ်ပြာစက်ရုံ ၃ လကျော်တဲ့အထိ ကုန်ကြမ်းမရလို့ ပြန်မလည်ပတ်နိုင်ပါက အလုပ်သမားတွေကို ဥပဒေပါ ခံစားခွင့်ပေးမယ်ဆိုပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု ရခဲ့တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF) ဆီက သိရပါတယ်။
ဖူဂျီဆပ်ပြာစက်ရုံက ကုန်ကြမ်းပစ္စည်းပြတ်လို့ဆိုကာ ဇန်နဝါရီ ၁ ရက်ကစပြီး ကာလသတ်မှတ်ချက်မရှိဘဲ ရပ်နားထားချိန်အတွင်း လစာနဲ့ ခံစားခွင့်တွေ မယူဖို့ အလုပ်သမားတွေကို ကတိပြု လက်မှတ်ထိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုလုပ်ငန်း ရပ်ထားချိန်အတွင်း လစာမယူဖို့ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာကို အလုပ်သမားသမဂ္ဂအဖွဲ့ဝင် လုပ်သားအချို့က လက်မခံတဲ့အတွက် ဇန်နဝါရီ ၅ ရက်မှာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြေလည်မှုရခဲ့တာလို့ MICS-TUsF က ဆိုပါတယ်။
ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် အလုပ်သမားတွေက မတ်လကုန်အထိ လုပ်ခလစာမယူဖို့ လက်ခံခဲ့သလို ၃ လပြည့်တဲ့အထိ ကုန်ကြမ်းရှာပြီး မလည်ပတ်နိုင်ရင် စက်ရုံဘက်က ဥပဒေပါ ခံစားခွင့်ပေးမယ်ဆိုတဲ့ နှစ်ဖက် သဘောတူညီချက်ရခဲ့တာလို့ ဆိုပါတယ်။
MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “အခုလိုကာလမှာ အလုပ်ရှင်တွေက အခွင့်ကောင်းယူပြီး အလုပ်သမားတွေရဲ့ ဥပဒေပါခံစားခွင့် ချိုးဖောက် အမြတ်ထုတ်တာတွေ အများကြီး တွေ့လာရတယ်။ ဒီကိစ္စအပေါ် ကျနော်တို့အဖွဲ့ချုပ်က စောင့်ကြည့်ပြီး နစ်နာတဲ့ အလုပ်သမားတွေဘက်က ရပ်တည်ကူညီသွားမှာပါ” လို့ ပြောပါတယ်။
ဖူဂျီဆပ်ပြာမှာ ပြည်တွင်းစျေးကွက်ဝင် ထုတ်ကုန်တခု ဖြစ်သလို လုပ်ငန်းခွင် အခွင့်အရေး ချိုးဖောက်တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်လို့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။
အခုလို ကုန်ကြမ်းပြဿနာကြောင့် ယာယီရပ်နားထားတဲ့ ဖူဂျီဆပ်ပြာစက်ရုံကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်မှာ ဖွင့်ထားတာဖြစ်ပြီး လုပ်သား ၁၀၀ လောက်နဲ့ လည်ပတ်နေတာလို့ သိရပါတယ်။










