DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်သံများကြား စစ်တွေမြို့ နှစ် ၂၀၀ ပြည့်ပွဲ ကျင်းပရန် စစ်တပ် စီစဉ်နေ
DVB
·
January 5, 2026
ပစ်ခတ်သံများကြား စစ်တွေမြို့ နှစ် ၂၀၀ ပြည့်ပွဲ ကျင်းပရန် စစ်တပ် စီစဉ်နေ
Donate to DVB

စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပေမဲ့ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ကို ကျင်းပဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ် အပြန်အလှန် ပစ်ခတ်မှုတွေ ငြိမ်သက်ခဲ့ပေမဲ့ လက်ရှိမှာတော့ အရင်ကထက်ပိုပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ပိုကြားလာရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပအပြီး ဒီဇင်ဘာ ၂၉ ရက်ကစပြီး ခုချိန်ထိ လက်နက်ကြီး ပစ်ခတ်မှုတွေက ပိုများ‌လာနေတဲ့အတွက် မြို့ခံတချို့လည်း ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့ရှိ အမှတ် ၁၂ ရဲတပ်ရင်း၊ လက်ဝဲသလုံးတော် စေတီတော်ကြီးအနီးရှိ စစ်တပ်ရဲ့ အထိုင်ချတပ်ရင်း၊ တပ်စခန်းတွေအပြင် နေဗီကနေပါ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းနယ်စပ်အနီး AA ထိန်းချုပ်ထားရာ ဒေသတွေကို လက်နက်ကြီး လှမ်းပစ်ခတ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

“ဒီကနေ့ မနက်ကတောင် ပစ်နေတာ၊ လေး ငါးကြိမ်လောက် လက်နက်ကြီး ပစ်ခတ်သံ ကြားလိုက်ရပါတယ်။ ရွေးကောက်ပွဲပြီး နောက်တနေ့ကနေ စပစ်နေတာပေါ့။ နှစ်ဖက် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်သံတွေကို ကြားရတာပါ။ စက်သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရပါတယ်။ စစ်တပ်ကတော့ စစ်တွေမြို့အနီး နယ်စပ်နဲ့ ပုဏ္ဏားကျွန်း နယ်စပ်နားတွေကို ရမ်းသန်း ပစ်ခတ်နေတာပဲလေ။ AA ဘက်ကလည်း စစ်တွေမြို့ရှိ လွှတ်တော်တွေ၊ ဒစကရုံးတွေနဲ့ စစ်တပ် အထိုင်ချစခန်းတွေကို ပစ်မှတ်ထား ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ခုက လက်နက်ကြီး ပစ်ခတ်မှုတွေက ပိုများလာပြီး ပိုပြီးနီးကပ်လာသလို ကြားနေရတယ်လေ။ ပြီးတော့ ခုက စစ်တပ်ရဲ့ နေဗီကနေလည်း လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေပါတယ်။”

ခုလို နှစ်ဖက် လက်နက်ကြီးပစ်ခတ်မှုတွေ ပြင်းထန်နေပေမဲ့ စစ်တပ်ကတော့ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အခမ်းအနားကို ကျင်းပဖို့ စီစဉ်နေပါတယ်။

စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့်အခမ်းအနားကို ဇန်နဝါရီ ၂၁ ကနေ ၂၃ ရက်အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ စစ်တပ် လက်အောက်ခံ ပွဲကျင်းပရေးကော်မတီနဲ့ နီးစပ်သူက ပြောပါတယ်။

အဲဒီအခမ်းအနားမှာ မြို့ရှင်၊ ရွာရှင် နတ်တွေကို တမြို့လုံး လှည့်လည်ပူဇော်တာ၊ ပြည်လုံးချမ်းသာ ဘုရားကြီးမှာ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့တာ၊ ဝင်္ကဘာကွင်းမှာ အားကစားပြိုင်ပွဲတွေ၊ စတိတ်ရှိုးပွဲတွေအပြင် ပန်းချီပြိုင်ပွဲတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးသံတွေ ညံနေတဲ့ စစ်တွေမြို့မှာ ခုလို ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်လုပ်နေတာက စစ်တပ်က တည်ငြိမ်အေးချမ်းနေတဲ့ သဘောကို ပြချင်ရုံသက်သက်သာဖြစ်ပြီး ပြည်သူတွေရဲ့ တကယ့်လိုအပ်နေတဲ့ အရာတွေကို မျက်ကွယ်ပြုနေတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။

“စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့်အတွက်ပါ၊ စတိတ်ရှိုးတွေလည်း ပါမယ်လို့ ပြောပါတယ်။ ဗမာပြည်ဘက်က အဆိုတော်တွေလည်း ပါမယ်တဲ့။ ဝင်္ကဘာကွင်းမှာ အရင်ပွဲတွေလုပ်တုန်းက စတိတ်စင်ကို မဖြိုသေးဘူးလေ၊ အဲဒီမှာပဲ ဆက်ကျင်းပမှာပါ။ စတိတ်ရှိုးတွေရော၊ ပျော်ပွဲရွှင်ပွဲတွေရော၊ အားကစားပြိုင်ပွဲတွေရော၊ ကလေးတွေအတွက် ပန်းချီပြိုင်ပွဲတွေရော အများကြီး ကျင်းပပြုလုပ်သွားမှာပါ။ လုပ်နေတဲ့သူတွေကလည်း လုပ်နေကြတာပါပဲ။ ပြည်သူတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်မရှိမှု ဒဏ်တွေကြားမှာ ဘဝကို ခါးစည်းခံနေကြရတာပဲလေ။ ဒါတွေကိုတော့ မျက်ကွယ်ပြုထားပြီး သူတို့အကျိုးစီးပွားအတွက်ပဲ ဟန်ပြလုပ်နေတာ ဖြစ်မှာပါလေ။”

တဖက်မှာလည်း စစ်တပ်အနေနဲ့ သူတို့ရဲ့ စစ်အာဏာ သက်ဆိုးရှည်ဖို့နဲ့ အကျိုးစီးပွားအတွက်လောက်ပဲ လုပ်ဆောင်နေတာလို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

AKYAB ခေါ် စစ်တွေမြို့ကို ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့တွဲလဆန်း ၅ ရက်၊ ခရစ်သက္ကရာဇ် ၁၈၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ဗြိတိသျှအင်္ဂလိပ်တို့က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ရခိုင်သက္ကရာဇ်အရ တွက်ချက်ရာမှာ ၂၀၂၆ ဇန်နဝါရီ ၂၂ ရက်ဆိုရင် စစ်တွေမြို့တည် နှစ် ၂၀၀ သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013