
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တိုယိုဆု ငါးစျေးမှာ နှစ်စဉ်ပြုလုပ်နေကျ နှစ်သစ်ကူး လေလံပွဲမှာ ဆူးတောင်ပြာ တူနာငါးတကောင်ကို သမိုင်းတလျှောက် အမြင့်ဆုံးစျေးဖြစ်တဲ့ ဂျပန်ယန်း သန်း ၅၁၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်း) နဲ့ ဇန်နဝါရီ ၅ ရက်က လေလံအောင်သွားပါတယ်။
အလေးချိန် ၂၄၃ ကီလိုဂရမ် (ပေါင် ၅၃၆) လေးတဲ့ ဒီငါးကြီးကို နာမည်ကြီး “ဆူရှီဇန်မာအိ” (Sushizanmai) စားသောက်ဆိုင်လုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ ကီယိုမူရ ကော်ပိုရေးရှင်းက ဝယ်ယူသွားတာ ဖြစ်ပါတယ်။
ဒီလေလံစျေးနှုန်းဟာ ၂၀၁၉ ခုနှစ်တုန်းက ကီယိုမူရ ကုမ္ပဏီကပဲ တင်ထားခဲ့တဲ့ ယန်း ၃၃၃ ဒသမ ၆ သန်း စံချိန်ကို ချိုးပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။
ကီယိုမူရ ကော်ပိုရေးရှင်းရဲ့ အကြီးအကဲ ကီယိုရှီကီမုရက “ဒီနှစ် စီးပွားရေးပိုကောင်းမယ်လို့ မျှော်လင့်ပါတယ်။ တာကာအိချိ အစိုးရက အလုပ်၊ အလုပ်၊ အလုပ်လို့ ကြွေးကြော်ထားတော့ ဆူရှီဇန်မာအိ ဆိုင်ကလည်း အလုပ်၊ အလုပ်၊ အလုပ်လို့ ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။
ကီမုရ က လေလံစျေးနှုန်းဟာ ယန်း သန်း ၃၀၀၊ ၄၀၀ လောက်ပဲ ရှိမယ်လို့ ထင်ထားပေမဲ့ တကယ်တမ်းကျတော့ သန်း ၅၀၀ ကျော်သွားခဲ့တယ်လို့ မှတ်ချက်ပေးပါတယ်။
လေလံအောင်ခဲ့တဲ့ တူနာငါးကို ဆူရှီဇန်မာအိရဲ့ ပင်မဆိုင်ခွဲဆီ သယ်ဆောင်ပြီး တနိုင်ငံလုံးက ဆိုင်ခွဲတွေကို ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။
ထူးခြားတာကတော့ စံချိန်တင် စျေးကြီးပေးဝယ်ခဲ့ရပေမဲ့ လာရောက်စားသောက်သူတွေကိုတော့ ပုံမှန်စျေးနှုန်းအတိုင်းပဲ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Source: Reuters











