DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား ၃၃ သန်းခန့် လာရောက်လည်ပတ်
DVB
·
January 5, 2026
၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြားသား ၃၃ သန်းခန့် လာရောက်လည်ပတ်
Donate to DVB

၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဦးရေ ၃၂ ဒသမ ၉ သန်း အထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၇ ဒသမ ၂၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ခရီးသွားနဲ့ အားကစား ဝန်ကြီးဌာနက အတည်ပြုပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ မပါဘဲ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးအကြိမ် ကျဆင်းမှုလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာ နိုင်ငံခြားသား ခရီးသွားတွေဆီက ရတဲ့ဝင်ငွေဟာ ဘတ် ၁ ဒသမ ၅၃ ထရီလီယံနဲ့ ၄ ဒသမ ၇၁ ရာခိုင်နှုန်းကို ကျဆင်းသွားပေမဲ့လည်း ပြည်တွင်းခရီးသွားလုပ်ငန်းနဲ့ အကျသက်သာအောင် ထိန်းထားနိုင်ခဲ့ပါတယ်။

အခုလိုမျိုး လာရောက်လည်ပတ်မှု အများဆုံး ၅ နိုင်ငံထဲမှာ မလေးရှား - ၄ ဒသမ ၅ သန်း၊ တရုတ် - ၄ ဒသမ ၄ သန်း၊ အိန္ဒိယ - ၂ ဒသမ ၄ သန်း၊ ရုရှား - ၁ ဒသမ ၈ သန်းနဲ့ တောင်ကိုရီးယား - ၁ ဒသမ ၅ သန်းစီ ပါဝင်နေတာ တွေ့ရပါတယ်။

အဲဒီနောက် ထိုင်းနိုင်ငံသားတွေရဲ့ ပြည်တွင်းခရီးစဉ်ပေါင်း ၂၀၂ ဒသမ ၃၇ သန်းအထိ ရှိခဲ့တဲ့အလျောက် ဝင်ငွေအားဖြင့် ဘတ် ၁ ဒသမ ၁၆ ထရီလီယံ ရရှိထားပါတယ်။

ဒါကြောင့် ပြည်တွင်း-ပြည်ပ ခရီးသွားအားလုံး ပေါင်းလိုက်ရင် စုစုပေါင်းဝင်ငွေဟာ ဘတ် ၂ ဒသမ ၇ ထရီလီယံနီးပါး ရှိခဲ့သလို တနှစ်ထက်တနှစ် နှိုင်းယှဉ်ချက်အရလည်း ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

လက်ရှိ ၂၀၂၆ အတွက်တော့ ပြည်ပခရီးသွားဦးရေ ၃၆ ဒသမ ၇ သန်းနဲ့ ပြည်တွင်းခရီးစဉ်ပေါင်း ၂၀၅ သန်းကို ပြည့်မီဖို့ ရည်မှန်းထားတယ်ဆိုပြီး ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ရဲ့ အကြီးအကဲဖြစ်သူက ပြောပါတယ်။

အဲဒီ ထိုင်းအစိုးရအေဂျင်စီကနေ ခရီးသွားလုပ်ငန်းတခုလုံးရဲ့ ဝင်ငွေကို ဘတ် ၂ ဒသမ ၇၈ ထရီလီယံ နဲ့ ၇ ရာခိုင်နှုန်း တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံဟာ အိမ်နီးချင်း မြန်မာရဲ့ ငလျင်ဒဏ်သက်ရောက်မှုနဲ့ ကျားဖြန့်လုပ်ငန်းတွေ အပါအဝင် ကမ္ဘောဒီးယားနယ်စပ်က စစ်ရေးပဋိပက္ခတွေ၊ ဆိုးရွားပြင်းထန်လှတဲ့ ရေကြီးရေလျှံမှုတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် အခုလိုမျိုး ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013