DVB Logo
Home
မြန်မာသတင်း
ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ်ထိ မြင့်တက်
DVB
·
January 5, 2026
ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၁၉ ကြိမ်ထိ မြင့်တက်
Donate to DVB

အာဏာသိမ်းစစ်တပ် ရွေးကောက်ပွဲ ပထမပိုင်း လုပ်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာပြီး နိုင်ငံအနှံ့ စုစုပေါင်း ၁၁၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) ရဲ့ စာရင်းအရသိရပါတယ်။

ဒီဇင်ဘာတလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၁၇၆ ယောက် သေဆုံးခဲ့ပြီး ၃၂၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ MDSI က ဆိုပါတယ်။ 

စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ အများဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုကတော့ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၂ ရာခိုင်နှုန်းနီးပါးကို စစ်ကိုင်းတိုင်းမှာသာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း အပြင်းအထန် တိုက်ခိုက်ခံခဲ့ရပါတယ်။

နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ကြည့်ရင် လေကြောင်းတိုက်ခိုက်မှုအရေအတွက်ဟာ ၆၆ ကြိမ်ကနေ ၁၁၉ ကြိမ်အထိ တိုးလာခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက်ကလည်း ၂ ဆနီးပါး မြင့်တက်လာတယ်လို့ MDSI က ဖော်ပြပါတယ်။

ဒါ့အပြင် ညပိုင်းတိုက်ခိုက်မှု အချိုးအစားက ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အရပ်သားပြည်သူတွေ အိပ်စက်နေချိန်ကို ရည်ရွယ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ ထိခိုက်မှုတွေ ပိုမိုဖြစ်စေဖို့ ရည်ရွယ်လာတာကို တွေ့ရတယ်လို့လည်း သုံးသပ်ထားပါတယ်။

MDSI ကတော့ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တွေဟာ လက်ရှိ လေကြောင်းတိုက်ခိုက်မှုရဲ့ အဓိက ပစ်မှတ်ဒေသတွေဖြစ်နေပြီး မြေပြင်စစ်ဆင်ရေးမှာ ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာတာကြောင့် လေကြောင်းအားကို အလွန်အကျွံ အားထားလာတဲ့ အကျိုးဆက်ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။ နောက်တဆင့်အနေနဲ့ စစ်ကိုင်းတိုင်းမှာ မြေပြင်စစ်ဆင်ရေးတွေကိုပါ တိုးမြှင့်လာနိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013