DVB Logo
Home
မြန်မာသတင်း
အာရက္ခအစိုးရ၏ လုပ်ငန်းလုပ်ခွင့်လိုင်စင် လေလံပြိုင်ပွဲ၌ မွတ်ဆလင်လူမျိုးများ ယှဥ်ပြိုင်ခွင့်ရ
DVB
·
January 2, 2026
အာရက္ခအစိုးရ၏ လုပ်ငန်းလုပ်ခွင့်လိုင်စင် လေလံပြိုင်ပွဲ၌ မွတ်ဆလင်လူမျိုးများ ယှဥ်ပြိုင်ခွင့်ရ
Donate to DVB

အရင်အစိုးရခေတ်အဆက်ဆက် ဒေသလုပ်ငန်းတိုင်း လုပ်ပိုင်ခွင့်လိုင်စင် လေလံဝင်ပြိုင်ခွင့် မရခဲ့ဘူးတဲ့ မွတ်ဆလင် လုပ်ငန်းရှင်တွေအနေနဲ့ အခုအခါ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင် လေလံပွဲမှာ ပါဝင်ယှဥ်ပြိုင်ခွင့် ရလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ မြောက်ဦးခရိုင်မှာ ၂၀၂၆ ခုနှစ် လုပ်ငန်းလုပ်ပိုင်ခွင့်လိုင်စင် လေလံတင်ပွဲကို မွတ်ဆလင်လူမျိုး လုပ်ငန်းရှင်တွေအနေနဲ့ အခုလို လုပ်ပိုင်ခွင့် လေလံတင်ပွဲမှာ တန်းတူပါဝင်ခွင့်ရလာတယ်လို့ အမည်မဖော်လိုသူ မြောက်ဦးမြို့နယ်နေ မွတ်ဆလင်အမျိုးသားတယောက်က ပြောပါတယ်။

“အရင်အစိုးရလက်ထက်မှာ အမဲလိုင်စင်ခံရင်တောင် မြို့ကဝန်ထမ်းတွေနာမည်၊ ငွေရှိတဲ့ ရခိုင်နာမည်ကို ထည့်ပြီးခံရတယ်။ မဟုတ်ရင် သူတို့ စစ်သားတွေ၊ ရဲသားတွေကို ငွေပေးပြီး လုပ်ရတယ်။”

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်မှာ အခုလို မျက်နှာစုံ စိတ်ကြိုက်လုပ်ငန်းတွေ အတွက် ခန်းမတခုတွင်း လေလံပွဲကို ကိုယ်ကြိုက်စျေးပေးပြီး ယူဆောင်ခွင့် တန်းတူအခွင့်အရေး ရတာဟာ ပထမဆုံးဖြစ်တယ်လို့ လုပ်ငန်းရှင် မွတ်ဆလင်အမျိုးသားတယောက်က ပြောပါတယ်။

အခု ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အဖြစ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လေလံရောင်းချရေး အခမ်းအနားကို အာရက္ခပြည်၊ မြောက်ဦးခရိုင်အတွင်းမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ ၃ ရက်တိုင်တိုင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေလံတင်ပွဲကို မွတ်ဆလင်လုပ်ငန်းရှင်၊ ရခိုင်လုပ်ငန်းရှင်နဲ့ တခြားလုပ်ငန်းရှင်တွေပါ တက်ရောက်ခဲ့တယ်လို့ ဒေသခံ ရခိုင်အမျိုးသားတယောက်က ပြောပါတယ်။

“မြောက်ဦးခရိုင်အတွင်းမှာရှိတဲ့ လုပ်ငန်းတွေအတွက် လိုင်စင်လေလံပြိုင်ပွဲကို လူမျိုးစုံ တက်ပြိုင်ကြတာကို တွေ့ရပါတယ်။ ကိုယ်တတ်နိုင်တဲ့ အတိုင်းတာတခုကို အခုလို ပြတ်ပြတ်သားသား အစိုးရနဲ့ ပြည်သူ ပြိုင်ဆိုင်ခွင့် မျက်နှာစုံညီရတာကို ဝမ်းသာပါတယ်။”

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်မှာ အတူယှဥ်တွဲနေထိုင်တဲ့ မွတ်ဆလင်လူမျိုးတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပေးနေတဲ့အပြင် ရခိုင်-မွတ်ဆလင် လူမှုသဟဇာတ အစိုးရဟာ ခေတ်သစ်နဲ့အညီ သာတူညီမျှ၊ တန်းတူအခွင့်အရေးကို လက်တွေ့ကျကျ ဆောင်ရွက်ပေးတဲ့အပြင် အုပ်ချုပ်ရေးပိုင်းမှာ မွတ်ဆလင်လူငယ်တွေ ပါဝင်ပြီး တာဝန်ထမ်းဆောင်ခွင့် ရနေတဲ့အတွက် အထူးကျေးဇူးတင် ဝမ်းသာမိကြောင်းကိုလည်း မြောက်ဦးမြို့နယ်မှ ULA တာဝန်ထမ်းဆောင်နေတဲ့ မွတ်ဆလင်လူငယ်တယောက်က ပြောပါတယ်။

အလားတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ၊ ဒေသတွေမှာ မွတ်ဆလင်လူမျိုးတွေအနေနဲ့ အရင်အစိုးရအဆက်ဆက် လက်ထက်က မရရှိဘူးတဲ့ ဘာသာရေး၊ ပညာရေး၊ ခရီးသွားလာရေး စတဲ့ ကဏ္ဍအသီးသီးမှာလည်း တန်းတူအခွင့်အရေးတွေ ရရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013