DVB Logo
Home
နိုင်ငံတကာ
ထိုင်းနှစ်သစ်ကူး ပထမရက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၀ ခန့်ရှိ
DVB
·
December 31, 2025
ထိုင်းနှစ်သစ်ကူး ပထမရက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၀ ခန့်ရှိ
Donate to DVB

ထိုင်းနိုင်ငံရဲ့ နှစ်သစ်ကူးကာလ ခရီးသွားလာမှု စောင့်ကြည့်စစ်ဆေးရေး ရက်သတ္တပတ် ပထမဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ တရက်တည်းမှာတင် နိုင်ငံတဝန်း ယာဉ်မတော်တဆမှု ၁၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂၉ ယောက် သေဆုံးကာ အယောက် ၁၉၀ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လမ်း ဘေးကင်းလုံခြုံရေးဗဟိုဌာနက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးနှင့် လျော့ပါးသက်သာရေး ဦးစီးဌာနက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရဲချုပ် ဆမ်ရန် နူးလ်မာနဲ့ ညွှန်ကြားရေးမှူးချုပ် တီရာပတ် ကက်ချမတ်တို့က  အဆိုပါ ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်ခဲ့တာပါ။

ဒီအချက်အလက်တွေအရ အရင်နှစ်တွေရဲ့ အားလပ်ရက်ရှည် ကာလတွေအတွင်း ပျမ်းမျှ မှတ်တမ်းတင်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ အခုနှစ်မှာ မတော်တဆမှု ၃၈ ဒသမ ၁၃ ရာခိုင်နှုန်း၊ ထိခိုက်ဒဏ်ရာရရှိမှု ၃၈ ဒသမ ၇၁ ရာခိုင်နှုန်းနဲ့ သေဆုံးမှု ၅၁ ဒသမ ၆၇ ရာခိုင်နှုန်းစီ အသီးသီး လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

ထိခိုက်မှုအများဆုံးဒေသတွေကတော့ ချင်းရိုင်နဲ့ ဖူးခက် ဒေသတွေဖြစ်ပြီး ယာဉ်မတော်တဆမှု အများဆုံး ၁၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ဖူးခက်မှာ ထိခိုက်ဒဏ်ရာရရှိသူ အများဆုံး ၁၂ ယောက်အထိ ရှိခဲ့ကာ ဘန်ကောက်မှာတော့ သေဆုံးသူ အများဆုံး ၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေအနေနဲ့ကတော့ အရှိန်ပြင်းစွာ မောင်းနှင်မှု ၈၃ မှု၊ အရက်သေစာ သောက်စားပြီး မောင်းနှင်မှု ၄၀ မှုနဲ့ လမ်းကြောကို မဆင်မခြင် ပြောင်းလဲမောင်းနှင်မှု ၃၇ မှုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်ပွားတဲ့ ယာဉ်တွေထဲမှာတော့ ဆိုင်ကယ်က ၁၉၂ စီး၊ ၇၁ ဒသမ ၇၉ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ကာ ပစ်ကပ်ကား ၃၉ စီး၊ အိမ်စီးကား ၁၉ စီး ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးမှုအခြေအနေမှာတော့ သေဆုံးသူ ၂၉ ယောက်ထဲက ၁၇ ယောက်က အခင်းဖြစ်နေရာတင် သေဆုံးခဲ့ပြီး ၁၁ ယောက်က ဆေးရုံမှာ သေဆုံးခဲ့ကာ တယောက်ကတော့ ဆေးရုံကို ပို့ဆောင်စဉ် လမ်းခုလတ်တင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အခုလာမဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း မော်တော်ယာဉ် မောင်းနှင်သူတွေ အနေနဲ့ အရက်သေစာ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး သုံးစွဲပြီး မောင်းနှင်တာ မပြုလုပ်ကြဖို့နဲ့ ဖောက်ဖျက်ပါက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရမယ်လို့ ထိုင်းနိုင်ငံ တရားရုံးချုပ်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ထိုင်းတရားရုံးပြောရေးဆိုခွင့်ရှိသူ စုရိယန် ဟုန်းဝီလိုင်က နှစ်သစ်ကူး အားလပ်ရက်တိုင်း တရားရုံးကို ရောက်ရှိလာတဲ့ အမှုအခင်းတွေ၊ အထူးသဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဥပဒေချိုးဖောက်မှုတွေ သိသိသာသာ မြင့်တက်လာလေ့ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013