
ဒီဇင်ဘာတလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂၃၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် အမျိုးသမီး ၄၆ ယောက်နဲ့ အမျိုးသား ၆၅ ယောက် စုစုပေါင်း ၁၁၅ ယောက် သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၆ ယောက် ပါဝင်ပါတယ်။
ကျန်ရှိတဲ့ သေဆုံးသူ ၁၂၀ ရဲ့ ကိုယ်ရေးအချက်အလက်တွေ သိရဖို့ကိုလည်း AAPP က ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တအိမ်တည်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
စစ်အာဏာသိမ်းစကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ကောင်စီတပ် လက်ချက်ကြောင့် နိုင်ငံအနှံ့က ပြည်သူ ၇,၆၄၀ သေဆုံးခဲ့ရပါတယ်။










