
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိဟာ လွန်ခဲ့တဲ့ ရာစုနှစ်က ဂျပန်စစ်သားသရဲတွေ ရှိတယ်လို့ နာမည်ကြီးတဲ့ ဝန်ကြီးချုပ်အိမ်တော်ကို အခုတပတ်ထဲမှာ ပြောင်းရွှေ့ခဲ့ပါတယ်။
ဝန်ကြီးချုပ်တာဝန်ရယူပြီး ၂ လအကြာမှာမှ တိုကျိုမြို့လယ်က ဝန်ကြီးချုပ်ရုံးနဲ့ ကပ်လျက်ရှိတဲ့ သမိုင်းဝင်အိမ်တော်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းမှာ လွှတ်တော်အမတ်တွေအတွက် ပေးထားတဲ့ နေရာမှာပဲ နေထိုင်ခဲ့ပေမဲ့ ဒီဇင်ဘာလ အစောပိုင်း ငလျင်လှုပ်တုန်းက ရုံးကိုလာတာ ၃၅ မိနစ်ကြာလို့ ဝေဖန်ခံခဲ့ရပြီးနောက် အခုလို ပြောင်းရွှေ့လိုက်တာပါ။
အသက် ၆၄ နှစ်အရွယ် တာကာအိချိဟာ “အလုပ်၊ အလုပ်၊ အလုပ်၊ အလုပ် နဲ့ အလုပ်” ဆိုတဲ့ ကြွေးကြော်သံနဲ့ အာဏာရလာပြီး တညကို နှစ်နာရီကနေ လေးနာရီလောက်ပဲ အိပ်သူလို့ နာမည်ကြီးပါတယ်။
၁၉၂၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဒီအဆောက်အအုံကို အမေရိကန်ဗိသုကာ ဖရန့်ခ်လွိုက်ရိုက်ရဲ့ ဟန်ကို ယူပြီးတော့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေတုန်းက ဒီနေရာမှာ အာဏာသိမ်းဖို့ကြိုးစားမှု နှစ်ကြိမ်ကြုံခဲ့ရပြီး ဝန်ကြီးချုပ်တယောက် အပါအဝင် ထိပ်တန်းအရာရှိကြီးတွေကို လူငယ်စစ်အရာရှိတွေက လုပ်ကြံခဲ့ကြဖူးပါတယ်။
အိမ်တော်မှာ ကျည်ပေါက်ရာတခု ယနေ့အထိ ရှိနေသေးတဲ့အပြင် သရဲတွေက လျှောက်လမ်းမှာ သွားလာနေကြတယ်လို့ အခုထိ ယုံကြည်သူတွေ ရှိနေပါတယ်။
တာကာအိချိရဲ့ အရင်ဝန်ကြီးချုပ်တွေဖြစ်တဲ့ ရှီဂဲရု အီရှိဘာ ကတော့ သရဲမကြောက်ဘူးလို့ ပြောခဲ့သလို ဖူမီယို ကီရှီဒါ ကလည်း ဘာမှ ထူးခြားတာမတွေ့ဘဲ အိပ်ပျော်ပါတယ်လို့ ပြောခဲ့ဖူးပါတယ်။
ဒါပေမဲ့ တာကာအိချိရဲ့ ဆရာ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကတော့ တာဝန်ယူစဉ် ၉ နှစ်လုံးလုံး ဒီအိမ်တော်မှာ မနေထိုင်ခဲ့ပါဘူး။











