DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါခရိုင် စစ်ဆင်ရေးအတွင်း ပျူစောထီးရွာ ၁ ရွာကို တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိ
DVB
·
December 31, 2025
ဂန့်ဂေါခရိုင် စစ်ဆင်ရေးအတွင်း ပျူစောထီးရွာ ၁ ရွာကို တော်လှန်ရေးတပ်က သိမ်းပိုက်ရရှိ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက စစ်ဆင်ရေးအတွင်း ပျူစောထီးကျေးရွာတရွာကို သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဂန့်ဂေါခရိုင် အတွင်းမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားကြတဲ့ နေရာတွေနဲ့ ပျူစောထီးရွာ တပ်စခန်းတွေကို ဒီဇင်ဘာလ ၂၇ ရက်မနက်စောပိုင်းကနေ စတင်ပြီးတော့ Yawland Opreation စစ်ဆင်ရေးအမည်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

စကစရဲ့ လေကြောင်းပစ်ကူတွေ ကြားထဲကနေ ပျူစောထီးရွာတရွာကို သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ Yawland Opreation စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာနအတွင်းမှာ ရှိကြတဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုအပြင် မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး စစ်ရေးရည်မှန်းချက် ပြီးဆုံးရင်တော့ တိုက်ပွဲတွေအတွင်းက အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Yawland Opreation စစ်ဆင်ရေးအတွင်း ပါဝင်နေသူ တပ်ရင်းတာဝန်ရှိသူတယောက်က “ဂန့်ဂေါခရိုင်ထဲမှာ ဟံသာဝတီပျူရွာတို့ မြောက်ခင်ရန်းတို့ အပါအဝင် ပျူစောထီးရွာ ၁၁ ရွာရှိတယ်။ အဲဒီပျူရွာတွေဟာ မြို့တမြို့၊ တပ်မတခုစာထက် များပြီး ကျယ်ပြန့်တဲ့ စုဖွဲ့ထားမှုနဲ့အတူ ပျူစောထီး အင်အားကလည်း ထောင်ချီပြီး ရှိကြတယ်။ စကစဘက်က လက်နက်ခဲယမ်း အင်အားတွေကိုလည်း အများအပြား ထောက်ပံ့ပေးထားသေးတယ်။ အဲဒီပျူရွာတွေက ဘူးလက်လှဆွေ အားထားရတဲ့ ရွာတွေဖြစ်ပြီးတော့ ဂန့်ဂေါမှာ အထိုင်ချ တပ်စွဲထားတဲ့ ခလရ ၅၀ နဲ့ အမတ ၃၇၁ တို့ကနေ အဓိကထောက်ပံ့မှုတွေ လုပ်ပေးနေတာပါ။ အဲဒီထဲကမှ ပျူစောထီးရွာတရွာကို စစ်ဆင်ရေးစပြီး ၄၈ နာရီအတွင်းလောက်မှာပဲ သိမ်းနိုင်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။

၁၂၀ မမ လက်နက်ကြီးကျည်တွေ၊ ပုခုံးထမ်းလောင်ချာတွေနဲ့ ၁၀၇ မမ လိုမျိုး ဖျက်အားပြင်း ရှော့တိုက်ဒုံးတွေရှိရင် တိုက်ပွဲရဲ့ အရှိန်ကို အလျင်အမြန် ပြောင်းလဲပေးသွားနိုင်မယ်လို့လည်း ဆက်ပြောပါတယ်။

စစ်ဆင်ရေးနယ်မြေရှိ ဒေသခံတွေ အနေနဲ့လည်း စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး အန္တရာယ်တွေကို အထူးသတိပြု သွားလာနေထိုင်ကြဖို့လည်း Yawland Operation စစ်ဆင်ရေးအတွင်း ပါဝင်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013