DVB Logo
Home
မြန်မာသတင်း
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ နာဂအမျိုးသားပါတီ အနိုင်ရ
DVB
·
December 30, 2025
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ နာဂအမျိုးသားပါတီ အနိုင်ရ
Donate to DVB

စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက် ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ပထမပိုင်း ရလဒ်တွေမှာ စစ်ကိုင်းတိုင်းထဲက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ နာဂအမျိုးသားပါတီ (NNP) က အနိုင်ရရှိခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသားပါတီ NNP နဲ့ ကြံ့ခိုင်ရေးပါတီ ၂ ခုထဲသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာမှာ နာဂအမျိုးသားပါတီက အနိုင်ရရှိခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နယ်မှာ မဲရုံ ၉၃ ရုံ၊ နန်းယွန်းမြို့နယ်မှာ ၈၆ ရုံ၊ လေရှီးမြို့နယ်မှာ ၅၅ ရုံ စုစုပေါင်း မဲရုံပေါင်း ၂၃၄ ရုံနဲ့ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

နာဂဒေသမှာ မဲစာရင်းထဲပါတဲ့သူ ၆၇,၀၀၀ ကျော်ရှိပြီး ဆန္ဒမဲပေးသူ ၄၇,၀၀၀ နီးပါး ဆန္ဒမဲပေးခဲ့ကြလို့ မဲဆန္ဒရှင်ရဲ့ ၆၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

ခန္တီးမြို့နယ် အပါအဝင် လဟယ်၊ လေရှီး၊ နန်းယွန်း စတဲ့မြို့နယ်တွေမှာ FPTP နိုင်သူယူစနစ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်တယောက်၊ ပြည်သူ့လွှတ်တော်က ၄ ယောက်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၉ ယောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

နာဂအမျိုးသားပါတီက NNP အနိုင်ရရှိခဲ့တဲ့အတွက် နာဂဒေသမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ အကျိုးကို ပိုပြီးလုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ပေါ်လာမယ်လို့ NNP ပါတီနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

“ဝမ်းသာတာပေါ့နော်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်လူမျိုးရဲ့ပါတီက နိုင်သွားတဲ့အတွက်၊ ဒီရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းတွေမှာ နာဂလူမျိုးတွေ နာဂဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကိုယ်စား ပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တဖက်မှာလည်း အရွေးခံကြတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲအလွန်မှာ ဖြစ်ပေါ်လာမဲ့ စိန်ခေါ်မှုတွေကိုလည်း ကြိုပြီးတော့ တွက်ထားပြီးသား ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

အရပ်သားအစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ နာဂဒေသမှာ NLD ပါတီက အနိုင်ရရှိခဲ့ပါတယ်။ ၂၀၂၅ ရွေးကောက်ပွဲမှာတော့ နာဂဒေသက ပြည်သူတွေက ရွေးချယ်စရာ တခြားပါတီမရှိတဲ့အတွက် နာဂပါတီကို မဲထည့်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက နာဂဒေသက ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖိအားပေးပြီး ကြံ့ခိုင်ရေးပါတီကို မဲထည့်ခိုင်းခဲ့ပေမဲ့ သူတို့ အနိုင်မရခဲ့တဲ့အတွက် ဒေသအပေါ်ကို ငြိုးလာနိုင်တယ်လို့လည်း ဒေသခံတွေက စိုးရိမ်ကြပါတယ်။

နန်းယွန်းဒေသခံတယောက်က “ဝန်ထမ်းတွေနဲ့ ဖိအားပေးထားတာတွေ အောင်မြင်မှုမရှိတော့ ဒေသအပေါ်မှာတော့ ဘယ်လိုလာမလဲတော့ဆိုတာတော့ မသိရသေးပါဘူး။ ဒေသအနေနဲ့ တည်ငြိမ်အေးချမ်းရင်‌တော့ တော်ပါပြီ။ ဖွံ့ဖြိုးတိုးတက်မှုအတွက် မက်မက်မောမောမရှိပါဘူး။ ဒေသတည်ငြိမ်အေးချမ်းရင်‌တော့ သူတို့ဘက်က နှောင့်ယှက်တာ ပြုတာတွေ မဖြစ်ဖို့ဘဲ၊ ကျန်တဲ့ စီးပွားရေး ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ရင်‌တော့ အားမကျပါဘူး” လို့ ပြောပါတယ်။

မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပခဲ့တဲ့ ရလဒ်တွေအရ နိုင်ငံနေရာအတော်များများမှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013