
ကမ္ဘာ့ခေါင်းဆောင်တွေ ဦးစားပေးအရာတွေကို အရင်လုပ်တာ၊ ဖျက်ဆီးမှုတွေမလုပ်ဘဲ ဖွံ့ဖြိုးတိုးတက်မှုမှာ ရင်းနှီးမြှုပ်နှံဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နှစ်သစ်ကူးအမှာစကား ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့လူဦးရေ ၃ ပုံ ၁ ပုံဟာ ပဋိပက္ခဖြစ်ပွားမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း၊ လူပေါင်း သန်း ၂၀၀ ကျော်ဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်းနဲ့ လူပေါင်း သန်း ၁၂၀ နီးပါးဟာ စစ်ပွဲတွေ၊ နှိပ်စက်တာတွေ၊ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
“နှစ်သစ်ကိုရောက်လာတဲ့အခါ ကမ္ဘာကြီးဟာ လမ်းဆုံတွေကို ရောက်နေပါတယ်။ ပရမ်းပတာ ဖြစ်တာတွေ၊ မသေချာမှုတွေနဲ့ ပြည့်နှက်နေသလို နယ်မြေခွဲခြမ်းမှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေလည်း ကြုံနေရပါတယ်။ နိုင်ငံတကာစည်းမျဉ်းတွေကို စနစ်တကျ ချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်တွေရဲ့ အခြေခံမူတွေ နောက်ပြန်နေတာတွေ ဖြစ်နေပါတယ်။ နေရာတိုင်းကလူတွေက ခေါင်းဆောင်တွေ နားထောင်နေကြလားဆိုတဲ့ မေးခွန်းတွေ ထုတ်နေပါတယ်” လို့ ဂူတာရက်စ်က ၂၀၂၆ နှစ်သစ်အတွက် အမှာစကားပြောပါတယ်။
ဂူတာရက်စ်ရဲ့ နှစ်သစ်အမှာစကားထဲမှာ ကမ္ဘာကြီးဟာ စစ်ရေးအသုံးစရိတ် ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံအထိရှိပြီး စစ်ရေးအသုံးစရိတ် ၁၀ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ဆိုပါတယ်။
ဒီပမာဏဟာ အကူအညီပေးမှုတွေထက် ၁၃ ရာခိုင်နှုန်း ပိုများတဲ့ ပမာဏဖြစ်ပြီး အာဖရိကတိုက် တခုလုံးရဲ့ ထုတ်လုပ်မှုတန်ဖိုးနဲ့ တူညီနေပါတယ်။
ဒီပဋိပက္ခ ဖြစ်ပွားမှုတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက မမြင်ဖူးတဲ့ အဖြစ်အပျက်တွေ ဖြစ်ကြောင်းနဲ့ နှစ်သစ်မှာ ဦးစားပေးမှုတွေကို မှန်ကန်အောင် လုပ်ရမယ်လို့ ဂူတာရက်စ်က တိုက်တွန်းခဲ့တာပါ။
၂၀၂၅ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ စစ်ရေးအသုံးစရိတ် မြင့်တက်လာမှုတွေကို ဖော်ပြထားပါတယ်။
ကမ္ဘာ့စစ်ရေးအသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်းသာ သုံးမယ်ဆိုရင် ၂၀၃၀ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှုတွေ အဆုံးသတ်မယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ပါရှိပါတယ်။
စစ်ရေးအသုံးစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းကျော် သုံးမယ်ဆိုရင် ကမ္ဘာပေါ်က ကလေးတိုင်း ကာကွယ်ဆေး ထိုးနိုင်မှာဖြစ်ပြီး ၁၅ ရာခိုင်နှုန်းကို အသုံးပြုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရာသီဥတုပြောင်းလဲမှုတွေကို တနှစ်စာ ကာကွယ်နိုင်မယ်လို့လည်း ပါရှိပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူး ဂူတာရက်စ်ရဲ့ နှစ်သစ်ကူး အမှာစကားထဲ နှစ်သစ်မှာ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုအတွက် အတူတကွ ဆောင်ရွက်ကြပါဆိုတဲ့ စကားနဲ့ အဆုံးသတ်ထားပါတယ်။
Source: Reuters











