
အမေရိကန်စစ်တပ်ဟာ ဒီဇင်ဘာ ၂၉ ရက်က အရှေ့ပစိဖိတ်သမုဒ္ဒရာရှိ နိုင်ငံတကာရေပိုင်နက်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ လှေတစင်းကို တိုက်ခိုက်မှုအတွင်း အမျိုးသား ၂ ယောက် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Southern Spear ပူးပေါင်းတပ်ဖွဲ့ဟာ နိုင်ငံတကာရေပိုင်နက်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ထားတဲ့ အဖွဲ့တွေက လည်ပတ်လုပ်ကိုင်နေကြတဲ့ သင်္ဘောတစင်းကို ရန်သူကို သေဆုံးစေနိုင်တဲ့ လက်နက်အင်အား အသုံးပြုပြီး စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်တောင်ပိုင်းကွပ်ကဲရေးဌာနက X မှာ ပို့စ်တင် ပြောကြားခဲ့ပါတယ်။
ပို့စ်နဲ့အတူ သင်္ဘောတစင်းကို တိုက်ခိုက်တဲ့ ဗီဒီယိုမှတ်တမ်းလည်း ပါရှိပါတယ်။
အဲဒီသင်္ဘောဟာ အရှေ့ပစိဖိတ်ဒေသရှိ မူးယစ်ဆေးဝါး ရောင်းဝယ်မှုလမ်းကြောင်းတွေတလျှောက် ဖြတ်သန်းသွားလာနေပြီး မူးယစ်ဆေးဝါးအရောင်းအဝယ်တွေမှာ ပါဝင်နေကြောင်း ထောက်လှမ်းရေးက အတည်ပြုခဲ့ကြောင်းလည်း ဆိုပါတယ်။
စစ်ဆင်ရေးအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရရှိခဲ့ကြကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
Source: Reuters











