
တူရကီနိုင်ငံအနောက်မြောက်ပိုင်းမှာ ဒီဇင်ဘာ ၂၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး တူရကီရဲအရာရှိ ၃ ယောက်နဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ IS စစ်သွေးကြွ ၆ ယောက် သေဆုံးခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ခရစ္စမတ်နဲ့ နှစ်သစ်ကူး တိုက်ခိုက်မှုတွေကို စီစဉ်ဖို့ ကြံစည်မှုနဲ့ IS စစ်သွေးကြွလို့ သံသယရှိသူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီးပြီး တပတ်အကြာမှာ ခုလိုပဋိပက္ခ ဖြစ်ခဲ့တာပါ။
တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက အစ္စတန်ဘူလ်မြို့တောင်ဘက် မာမာရာပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့ ယာလိုဗာမြို့က အိမ်ခြံမြေတခုကို ဝင်ရောက်စီးနင်းရာမှာ ရဲ ၈ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက် မနက်အစောပိုင်းမှာ တနိုင်ငံလုံးက နေရာ ၁၀၀ ကျော်ကို ဝင်ရောက်စီးနင်းခဲ့တာပါ။
ဒေသခံတွေက ပဋိပက္ခတွေဟာ ဒေသစံတော်ချိန် မနက် ၂ နာရီလောက်မှာ စတင်ခဲ့ပြီး မနက်အစောပိုင်းမှာ စစ်သွေးကြွတွေ အထဲမှာရှိနေတဲ့ အိမ်က မီးလောင်နေလို့ အဖြစ်အပျက်က မနက်အထိ ကြာမြင့်ခဲ့တယ်လို့ ပြောပါတယ်။
မီးခိုးတွေကိုရော မီးသတ်ကားတွေကိုပါ မြင်ရတယ်လို့ ဒေသခံမီဒီယာမှာ ဖော်ပြပါတယ်။ စစ်သွေးကြွတွေ တညလုံး ပုန်းအောင်းနေတယ်ဆိုတဲ့ သံသယနဲ့ ရဲတွေက ယာလိုဗာမြို့က အိမ်ကို ဝင်စီးနင်းခဲ့တာပါ။
၈ နာရီနီးပါးကြာတဲ့ စစ်ဆင်ရေးအတွင်း သေနတ်သံတွေ ရံဖန်ရံခါ ကြားခဲ့ရတယ်လို့ အခင်းဖြစ်တဲ့နေရာက ရိုက်တာသတင်းထောက်က ပြောပါတယ်။
Source: Reuters











