DVB Logo
Home
Lead Story
အစိုးရချင်း ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ ရလဒ်ထွက်မှာပေါ့- ဦးစန်းဝင်း
DVB
·
December 16, 2014
အစိုးရချင်း ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့  ရလဒ်ထွက်မှာပေါ့-  ဦးစန်းဝင်း
Donate to DVB

[caption id="attachment_73951" align="alignright" width="437"]ကပုန်း (၇) ရက်သားသမီး နာရေးကူညီမှုအသင်း (မလေးရှား)၏ ဥက္ကဋ္ဌ ဦးစန်းဝင်း ကပုန်း (၇) ရက်သားသမီး နာရေးကူညီမှုအသင်း (မလေးရှား)၏ ဥက္ကဋ္ဌ ဦးစန်းဝင်း[/caption]

မလေးရှားနိုင်ငံမှာ၂၀၁၄ ခုနှစ်အတွင်း မြန်မာပြည်သား ၂၀ သတ်ဖြတ်ခံခဲ့ရတဲ့အနက် အမှု ၁၇ ခုဟာ ကျူးလွန်သတ်ဖြတ်မှုပုံစံ ဆင်တူတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီ ၁၇ မှုထဲက ၈ မှုကို ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ပြီး ကျန် ၉ မှုကို ဆက်လက်ဖော်ထုတ်ဖို့ရှိတယ်လို့ဆိုတယ်။

စစ်ကြော ဖော်ထုတ်ချက်အရ ဒီပြစ်မှုတွေဟာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်မှုတွေ ပါဝင်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောဆိုထားပြီး အုပ်စုဖွဲကျူးလွန်သူ နောက်တဖွဲ့ ရှိနိုင်တယ်လို့ ထုတ်ပြောထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံက ကပုန်း (၇) ရက်သားသမီး နာရေးကူညီမှုအသင်း (မလေးရှား)ရဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မလေးရှားနိုင်ငံမှာ ဒီနှစ်အတွင်း ပီနန်နဲ့ ဘတ်တာဝပ်ဒေသတွေမှာ ဒီနှစ်အတွင်း မြန်မာ အယောက်၂၀ သတ်ဖြတ်ခံရတယ်။ အဲဒီထဲက ၁၇ ယောက်ဟာ ပုံစံတူ သတ်ဖြတ်ခံရတယ်။ သေဆုံးသူတွေက မြန်မာပြည်သားတွေလို့ ပြောတယ်။ သေဆုံးသူတွေက မြန်မာတွေလား ဘယ်လိုမြင်ရလဲ။
ဒီလို၊ ကျနော်တို့ အခုဒီ ပီနန်မှာ အသတ်ခံရတာ အားလုံး ၁၇ ယောက်ရှိတယ်။ အဲဒီ ၁၇ ယောက်မှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း လက်ရှိ ကျနော်တို့ တွေ့ရတာက အလောင်းအတိုင်း ကောင်းကောင်းကန်းကန်းတွေ့ရတာမှ မဟုတ်တာ။ တစစီတွေ့ရတာပဲ။ ခန္ဓာကိုယ်က တစ၊ လက်နဲ့ခြေက တစ၊ ခေါင်းက တစ ဆိုတော့ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာကို ဘယ်လိုအတည်ပြုနိုင်လဲဆိုတော့ သူတို့လက်ရှိ သတ်ခံရတဲ့နေရာမှာ ပျောက်သွားတဲ့လူတွေရှိတယ်ဗျာ။ သူတို့ သူငယ်ချင်းတွေရှိတယ်ဗျာ။ အဖမ်းခံရလို့ရှိရင် ကျနော်တို့ နာရေးအနေနဲ့သွားတာရှိတော့ ကျနော်တို့က မြန်မာနိုင်ငံသား ဖြစ်ကြောင်း ပတ်ဝန်းကျင်နဲ့အတည်ပြုရတယ်။ မြန်မာနိုင်ငံသားပေါ့။ အများဆုံးကတော့ ရခိုင်လူမျိုးများပါတယ်။

ပုံစံတူသတ်ဖြတ်မှုတွေဆိုတာက ဘယ်လိုမျိုး ညွှန်းတာလဲ။
သတ်ပုံသတ်နည်းပေါ့။ လူတယောက်ကို သတ်လိုက်တဲ့အခါမှာ ဘယ်လိုပြောမလဲ သိသာတာပေါ့။ ဘယ်နေရာကို ဘယ်လို ဓားနဲ့ခုတ်ထားသလဲ။ ဘယ်လိုရိုက်လဲ။ ဒါတွေက ရာဇ၀တ်မှုခင်းဆိုင်ရာ ကိစ္စတွေဗျ။ ဆိုတော့ တကယ့်မှုခင်းကိုကိုင်တဲ့ အရာရှိတွေက အရမ်းကျွမ်းကျင်တယ်။ ပုံစံတူတယ် မတူဘူးဆိုတာ သူတို့က ပြောနိုင်တယ်။

အလောင်းတွေမှာ တွေ့တဲ့ဒဏ်ရာတွေက ချွန်ထက်ဒဏ်ရာထိုးသွင်းမှုလား။ ထုတဲ့ ဒဏ်ရာတွေလား။
အစုံပေါ့။ အများစု လည်ပင်းဖြတ်ခံရတာ။

ဒီသတ်ဖြတ်မှုတွေဟာ လွန်ခဲ့တဲ့နှစ်ပိုင်းက မြန်မာပြည်တွင်း ပဋိပက္ခတွေနဲ့ ဆက်စပ်တယ်လို့ မလေးရှားရဲက ဖမ်းဆီးမိသူတွေရဲ့ ထွက်ချက်ကို ကိုးကားပြောတယ်။ အဲဒါ ဘာကို ပြောတာလဲ။
ရခိုင်ပြည်မှာ ဖြစ်တဲ့ကိစ္စပါ။

သတင်းမှာ သေသူတွေသာမကဘဲ ကျူးလွန်သူတွေဟာလည်း မြန်မာတွေလို့ပြောတယ်။ အဲဒါနဲ့ပတ်သက်လို့ ပြောပါဦး။

ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကထုတ်တဲ့ the Star သတင်းစာမှာ သူတို့ သတ်တဲ့သူအဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ ကျန်တဲ့ သုံးယောက်က သူတို့ ရိုဟင်ဂျာပါလို့ တရားဝင်ထုတ်ပြန်ပေး သွားပါတယ်။ နောက်ပြီးတော့ သူတို့ရဲ့ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး)ရဲ့ ကတ်နံပါတ်တွေ တခါတည်းဖော်ပြပေးတယ်။ နာမည်တွေ ဖော်ပြတယ်။ တရားခံတွေရဲ့ နာမည်ကို တရားဝင်ဖော်ပြထားပါတယ်။ အဲဒီမှာ သူတို့က ရိုဟင်ဂျာလို့ ဖော်ညွှန်းထား ပါတယ်။ ပနားမား သတင်းမှာလည်း ဖော်ပြထားပါတယ်။

ဒီသတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ မလေးရှားအခြေစိုက် မြန်မာသံရုံး။ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ တွေရဲ့ လုပ်ဆောင်ချက်ကို ပြောပြပါ။
ကျနော်တို့ အခုနောက်ပိုင်း မြန်မာသံရုံးနဲ့ကျနော်တို့ တော်တော်လေးလက်တတွဲလုပ်ဖြစ်တဲ့ အကြောင်းအရာတွေ အများကြီးရှိတယ်ဗျ။ အဲဒီမှာ တဖြည်းဖြည်း ကျနော်တို့ နားလည်လာတာက မြန်မာသံရုံးအနေနဲ့က သူက Diplomat ဗျ။ Diplomacy ပေါ့။ Diplopmat လမ်းကြောင်းအရ သူတို့က သွားတာ။ ဥပမာ-အဓိကပေါ့ သေဆုံးတဲ့သူဟာ မြန်မာနိုင်ငံသားဖြစ်တယ် ဟုတ်ပြီ။ မြန်မာနိုင်ငံသားဖြစ်ပြီဆိုပြီး ၀ုန်းဆို diplomat အနေနဲ့ သံရုံးအနေနဲ့ ၀င်လို့မရဘူးလေ။ တခါ ကျနော်တို့ တခြားပြဿနာတွေလည်း အများကြီး ရှိပါတယ်။ ရှိတဲ့နေရာမှာ ဒီ Victim (မြေစာပင်)က မြန်မာပြည်ကနေ မလေးရှားကို တရားဝင် ၀င်ရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့လူလား။ သို့မဟုတ် UNHCR ဆိုတာ အကိုတို့ သိပါတယ် Refugee (ဒုက္ခသည်) ဗျ။ တိုင်းပြည်ကို Refuge (ခိုလှုံမှု) လုပ်ထားတဲ့ သူတွေနဲ့ မြန်မာသံရုံးက Official (တရားဝင်) ၀င်ဖို့က လမ်းကြောင်းမရှိနိုင်ဘူး။ သို့သော် တကယ်တမ်းဖြစ်လာခဲ့လို့ရှိရင်ပေါ့ အခု နောက်ပိုင်း မြန်မာသံရုံးမှာရှိတဲ့ အရာရှိတွေ ငြိမ်မနေပါဘူး။ သူ့ဟာသူ Refugee (ဒုက္ခသည်) ဖြစ်ဖြစ်၊ Official ဖြစ်ဖြစ် ဒီမှာဖြစ်နေရင်တော့ သူတို့ ၀င်ကူညီပေးရတယ်။ အဲဒီတော့ ဒီပြဿ     နာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေတဆင့် မြန်မာသံရုံးကို မြန်မာနိုင်ငံသား ၁၇ ယောက်တော့ အသတ်ခံရပြီ၊ ဘာဆောင်ရွက်ပေးမလဲဆိုရင် မြန်မာသံရုံးအနေနဲ့ ၀င်မှာပေါ့။ အခုလောလောဆယ်ကတော့ ကျနော်တို့က နာရေးကူညီမှုအသင်းအနေနဲ့ ကူညီတာပဲ အကြောင်းရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နေတာကလည်း သူတို့ (မလေးရှားနိုင်ငံ) အချုပ်အခြာအာဏာအောက်မှာကိုး။ Diplomacy အရဆိုရင်ပေါ့။ ဆိုတော့ လိုအပ်ရင်တော့ ကျနော်တို့ ဒီမှာရှိတဲ့ မြန်မာသံရုံးအပါအ၀င်ပေါ့ ၂၀၁၄ ထဲမှာ ကျနော်တို့အားလုံး တက်ညီလက်ညီပါပဲ။ ဟိုဟာကျန်ခဲ့ ဒီဟာကျန်ခဲ့လည်း မရှိကြပါဘူး။

မလေးရှားရဲက လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ အခန်းကို ၀င်ရောက်စီးနင်းတယ်။ သေဆုံးမှုဖြစ်စဉ်တွေထဲက တချို့တ၀က်ကို ဖမ်းဆီးရမိသူတချို့က ၀န်ခံတယ်။ မလေးရှားရဲက နောက်တဖွဲ့ကျူးလွန်နိုင်တယ်လို့ယူဆပြီ ခြေရာခံ လိုက်နေတယ်လို့ သတင်းတွေမှာ တွေ့ပါတယ်။ မြန်မာတွေကရော ဘယ်လိုမျိုး ထင်မြင်ယူဆတာရှိပါသလဲ။
ကျနော်တို့ အမြင်ကတော့ ကျနော်တို့က လူမှုကူညီရေးအဖွဲ့ပေါ့။ ပြောရမယ်ဆိုရင် အန်ဂျီအိုပေါ့။ ရာဇ၀တ်မှုနဲ့ပတ်သက်လို့ ကျနော်တို့မြင်ရတာက ဘယ်လိုပုံစံသတ်သွားလဲ။ ဘယ်လိုသေသွားလဲ။ သေတဲ့သူက ဘယ်သူ။ ဘယ်နေရာမှာ ဘယ်လိုအသတ်ခံရတယ်၊ ဘယ်နေ့က ပါသွားတယ် အဲဒီလောက် ကျနော်တို့သိပါတယ်။ အဲ သတ်တဲ့အဖွဲ့ ဘယ်နှဖွဲ့ရှိလဲ၊ ဘယ်လောက်ရှိလဲဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းဖို့ အရမ်းခက်တယ်။ အကိုတို့အနေနဲ့လည်း နားလည်မှာပါ။ ဒါက ဒီမှာရှိတဲ့ မှုခင်းနဲ့ပတ်သက်တဲ့ အရာရှိ တွေကတော့ အကောင်းဆုံးသိမှာပေါ့။ ကျနော်တို့ကတော့ သူတို့ထုတ်ပြန်သလောက်ပဲ သိရတယ်။

သတ်သူထဲမှာ ရိုဟင်ဂျာတွေ ပါတယ်လို့ သတင်းမှာ ဖော်ပြတယ်ဆိုတော့ သေဆုံး သတ်ခံကြရသူတွေထဲမှာရော ရိုဟင်ဂျာဆိုသူတွေပါလား။
မပါပါဘူး။ တယောက်မှ မပါပါဘူးခင်ဗျ။ ဘတ်တာဝပ်မှာ အဲလိုတယောက်ဖြစ်သွားတယ်လို့ ပြောသံကြားတယ်။ သို့သော် ဘာကြောင့်ဆိုတာ ကျနော်တို့ မသိရဘူး။

လူသတ်မှုတွေဖြစ်နေတော့ မလေးရောက် မြန်မာပြည်က တရားဝင် လာအလုပ်လုပ်သူတွေ ရော၊ တရားမ၀င် ၀င်ရောက်အလုပ်လုပ်သူတွေကရော အခြေခံအားဖြင့် ဘယ်လို အခြေအနေမျိုး ရင်ဆိုင်နေရလဲ။
များသောအားဖြင့် အခုဖြစ်နေတာက ဘတ်တာဝပ်ပီနန်းမှာ၊ အဲဒီမှာတော့ မြန်မာနိုင်ငံသား အလုပ်သမားထားတဲ့ လုပ်ငန်းရှင်တွေက သူတို့အလုပ်သမားတွေကို အပြင်ပေး မထွက်ကြ ဘူးဗျ။ လက်ရှိမှာ။ ပီနန်းမှာတော့ သတိဝီရိယနဲ့ နေရတဲ့အနေအထားပေါ့ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ချင်တဲ့လူကတော့ သူက ရည်ရွယ်ချက်ရှိရှိနဲ့ အဆင်သင့်စောင့်နေတဲ့ အနေအထား ရှိတာကိုး။ ဘယ်အချိန် ဘယ်နေရာကနေ ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာ ဘယ်သူမှ မသိရဘူးလေ။ အဲဒီတော့အားလုံးက သတိနဲ့နေရတဲ့ အနေအထားမှာရှိတာပေါ့ အထူးသဖြင့် ပီနန်းမှာ။ ကေအယ်လ်တို့၊ ဂျိုဟိုးတို့၊ အီပို့တို့မှာတော့ ဒီလိုအဖြစ်အပျက်တွေ အဲ့ဒီလောက်လည်း မရှိဘူးလေ။

ဒီနှစ်ဆန်းပိုင်းက မလေးရှားကိုလာတဲ့ ရခိုင်ပါတီခေါင်းဆောင် တွေဖြစ်တဲ့ ဒေါက်တာ အေးမောင်နဲ့ ဦးအေးသာအောင်တို့ကိုလည်း ပုံစံတမျိုးနဲ့ ကြံစည်ခံခဲ့ရပါတယ်။ အဲဒီ နောက်ဆက်တွဲ အဖြစ် လူတွေ ကို ဖမ်းမိလားခင်ဗျ။
အဲဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထပ်မကြားရပါဘူးခင်ဗျ။

ဒီနှစ်ဆန်းပိုင်းကစလို့ မြန်မာ ၂၀ ဟာ တအိအိနဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ၂ နိုင်ငံ အစိုးရ ဆောင်ရွက်ချက်က ကျေနပ်အားရစရာကောင်းလားခင်ဗျ။
ဒီထက် ထပ်ပြီးတော့ လေးလေးနက်နက် ဆောင်ရွက်စေချင်တယ်။ ကျေနပ်အားရစရာ ကောင်းလားဆိုတော့ မကောင်းသေးဘူး။

ဒီဖြစ်ရပ်တွေကြောင့် မလေးရှားကို လာအလုပ်လုပ်ကြတဲ့ မြန်မာဦးရေ လျော့ကျသွားလား။ သိပ်မလာကြတော့ဘူးလား။ ဘယ်လိုမျိုး ရှိလဲ။
အဲဒါကို ကျနော်ဖြေဖို့ခက်ပါတယ်။ ဘာလို့ဆို မြန်မာပြည်ကနေ မလေးရှားကို တရားဝင် ခေါ်တဲ့ဗီဇာနဲ့လာတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ မသိပါဘူး။ အလုပ်သမား ၀န်ကြီးဌာနက တာဝန်ရှိသူတွေ အသိဆုံးဖြစ်ပါလိမ့်မယ်။ ကျနော်တို့ မြင်နေရတာကတော့ ပုံမှန်ပါပဲ။

ဒီဖြစ်ရပ်တွေနဲ့စပ်လျဉ်းပြီး မြန်မာသံရုံးနဲ့ သံအရာရှိကို ကိုဆန်းဝန်း ဘာအကြံပြု ဝေဖန်စရာရှိမလဲ။
ဒီလိုဗျ။ ကျနော်တို့မလေးရှားမှာ အခက်အခဲတွေက အများကြီး။ လူဦးရေများသရွေ့ ပြဿနာကလည်း များနေမှာပဲလေ။ ပြီးခဲ့တဲ့ ၂၀၁၃ ဇွန်လကတော့ အားလုံးသိပြီးတဲ့အတိုင်းပေါ့ ဒီကောင်ကျတော့ religious clash ပေါ့ လူမျိုးနှစ်မျိုးကြားမှာဖြစ်တဲ့ပြဿ နာပေါ့။ ဒါက ဆာလရန်းမှာ ဖြစ်တဲ့ပြဿ နာ။ ဒါပြီးနောက်ပိုင်းမှာ အများကြီးပဲ။ ကေအယ်လ်မှာ ဆုံးတဲ့ လူတွေ ရှိတယ်။ နောက် ပီနန်းမှာ သတ်ခံရတဲ့လူတွေရှိတယ်။ နောက် ဂျိုဟိုးမှာရှိတယ်။ အဲဒီတော့ ကျနော်တို့ ဒီသံရုံးအနေနဲ့ တကယ်လိုအပ်တဲ့နေရာတွေကို သူတို့ ထိထိရောက်ရောက်သွားတာ တွေ့ရပါတယ်။ ကျနော်တို့နဲ့လည်း ဆုံပါတယ်။ ကျနော်တို့က နာရေးကူညီမှုအနေနဲ့သွားတယ်။ သံရုံးက တာဝန်ရှိတဲ့သူအနေနဲ့သွားတယ်။ ဆိုတော့ ကျနော်တို့ အကြံပေးစရာကတော့ မြန်မာပြည်ကအစိုးရအနေနဲ့ ဒီထက်ပိုပြီး ထိထိရောက်ရောက် ဖိအားပေးနိုင်မယ်။ သူတို့ အစိုးရချင်း ညှိနှိုင်းနိုင်မယ်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ result (ရလဒ်) ထွက်မှာပေါ့။ ကျနော်အကြံပေးချင်တာကတော့ ဗမာပြည်ဘက်က အစိုးရပဲ။ ဘာဖြစ်လို့လည်းဆို ဒီမှာရှိတဲ့လူတွေရဲ့ ဆောင်ရွက်ချက်ကို ကျနော်က မြင်နေရတဲ့အတွက် အထွေအထူးစောဒက တက်စရာမရှိပါဘူး။

မလေးရှားက သတ်ဖြတ်ခံရမှုမှာ ပရဟိတလုပ်တဲ့သူတယောက်တောင် ပါသွားသေးတယ် မဟုတ်လား။ ပရဟိတသမားတွေကို ရန်ရှာတာမျိုးရှိလား။
ဦးမျိုးပိုင်ကို ဆိုလိုတာထင်တယ်။ သတ်သွားတဲ့သူကလည်း ပိပိရိရိ သတ်သွားတာ၊ သေသေချာချာ စီစဉ်ပြီးလုပ်သွားတာပေါ့။ ဆိုင်ကယ်ဦးထုပ် ဆောင်းထားတဲ့ တကယ့် ကျွမ်းကျင်တဲ့ သူတွေက သတ်ဖြတ်သွားတာပါ။ ပရဟိတသမားတွေကို ရန်ရှာ၊ မရှာ ကတော့ ပြောရခက်တယ်။ ထပ်ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ အများကြီး သတိထားစရာ ဖြစ်သွားလိမ့်မယ်။ ဘာမှ ထပ်မဖြစ်တဲ့အတွက် ဘာမှ အထွေအထူး မပြောလိုပါဘူး။

မလေးရှားက UNHCR ကတ်ကိုင်ထားသူတွေက လူသတ်မှုကို ကျူးလွန်ရာမှာ ပါတယ်ဆိုတော့ UNHCR က ကန့်သတ်ချက်တစုံတရာထုတ်ပြန်တာ ရှိလား၊ ကြားလား။
လောလောဆယ်တော့ သူတို့ဘက်က ဘာမှ ထူးခြားတာမရှိပါဘူးခင်ဗျ။ ကျနော်တို့ ဘာမှ မကြားပါဘူး။

ကျေးဇူးတင်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဘာပြောစရာ ရှိမလဲခင်ဗျ။
မရှိပါဘူးခင်ဗျ။ မရှိပါဘူး။ ကျနော်တို့ ဒီမှာ ဆောင်ရွက်စရာရှိတာတွေ အကုန်လုံးကို ကျနော်တို့ All Our Best အကောင်းဆုံး ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013