DVB Logo
Home
မြန်မာသတင်း
ခင်ဦး၌ ပိတ်မိနေသည့်ကားများကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
DVB
·
December 28, 2025
ခင်ဦး၌ ပိတ်မိနေသည့်ကားများကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
1 / 9
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ ပိတ်မိနေတဲ့ကားတွေ ရှိရာကို ဒီဇင်ဘာ ၂၇ ရက်မှာ စစ်တပ်က ဗုံးကြဲခဲ့လို့ ဒေသခံနဲ့ ခရီးသွား ၉ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့ရဲ့အရှေ့ဘက် မြေနီလျှိုရွာနားက ပြည်သူတွေ၊ ဈေးဆိုင်ခန်းတွေ၊ ပိတ်မိနေတဲ့ကားတွေ ရှိရာကို နေ့လယ် ၁၂ နာရီခွဲကျော်မှာ ဂျက်ဖိုက်တာတစင်း၊ Mi 35 တစင်းတို့နဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်တာလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတယောက်က “သေတာက ဒေသခံအမျိုးသမီး ၂ ယောက်၊ အမျိုးသားတယောက်၊ ကျန်တာက ကားဆရာနဲ့ ခရီးသွားပြည်သူတွေ။ ဒီနေ့မနက် ဆေးရုံရောက် ပြည်သူ ၅ ဦး စိုးရိမ်ရပြီး ဒဏ်ရာရတာက အားလုံး ၂၀ ကျော်ပါ” လို့ ပြောပါတယ်။

စစ်တပ်က တိုက်ခိုက်လို့ Star link ဆိုင်၊ ထမင်းဆိုင်တွေ၊ ခရီးသွားကား၊ ကုန်ကားနဲ့ ဆီသယ်ကားတွေ ထိခိုက်ခဲ့ပြီး ကား ၉ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က “အခုဗုံးကြဲခံရတဲ့ မြေနီလျှိုလမ်းဆုံကို ဒီဇင်ဘာလထဲမှာတင် ၂ ကြိမ် ဗုံးကြဲခံရတာပါ။ အခုဗုံးကြဲခံရတဲ့ ဒုတိယအကြိမ်မှာ အရင်ဦးစွာ ဂျက်ဖိုက်တာနဲ့ဗုံး ၂ လုံး ကြဲသွားတယ်။ မိနစ်ပိုင်းလေးပဲခြားပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို Mi 35 တိုက်ခိုက်‌ရေးလေယာဉ်က Rocket တွေနဲ့လည်းထုသလို စက်လက်နဲ့ပါပစ်သွားတာပါ။ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းကို စစ်တပ်ဘက်က ဒီဇင်ဘာ ၁၀ ရက်ကတည်းကပိတ်ထားတော့ အခုဗုံးကြဲခံရတဲ့ မြေနီလျှိုလမ်းဆုံမှာအထက်ဘက်ကိုတက်မဲ့ ကားတွေပိတ်မိနေပြီး ရပ်နေကြရတယ်။ အဲဒီလမ်းဆုံမှာ ထမင်းဆိုင်တွေနဲ့ Star Link ဆိုင်တွေဖွင့်ထားတော့ လူစည်ကားတဲ့နေရာပါ။ တိုက်ပွဲဖြစ်နေတာလည်းမရှိဘဲနဲ့ အဲဒီ လူစုလူဝေးတွေများတဲ့နေရာကိုပစ်မှတ်ထားပြီး ဗုံးကြဲသွားတာဖြစ်လို့ အရပ်သား အပြစ်မဲ့ပြည်သူ ၉ ယောက်လောက် သေဆုံးပြီးတော့ ၁၀ ယောက်ထက်မနည်း ဒဏ်ရာတွေရခဲ့ကြပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရသူတွေရှိနေတယ်လို့ သိရတယ်။ အခုဗုံးကြဲခံရမှုဖြစ်စဉ်မှာ ဆီဘောက်ဆာကားတွေနဲ့ ကုန်ကားတွေ ၉ စီးလောက်လည်း မီးလောင်ပျက်စီးပါသေးတယ်” လို့ DVB ကို ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက်ကလည်း အဲဒီနေရာဝန်းကျင်ကို ဂျက်ဖိုက်တာ ၄ စင်း၊ ဂျိုင်ရိုကော်ပတာ ၃ စင်းတို့နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့ပါသေးတယ်။

ခ‌င်ဦး-ကန့်ဘလူနယ်စပ် ကျီကျင်းဘက်ကနေ ဗျူဟာလမ်းမကြီးအထက်ကိုတက်မဲ့ ကားတွေကို စစ်တပ်က တလကျော်ကြာ ပိတ်ထားတာဖြစ်ပြီး ကန့်ဘလူ၊ ကျီကျင်းကနေ ရွှေဘိုမြို့အထိ ကားအစီးရေ ၅၀၀ ကျော် ပိတ်မိနေတာပါ။

လမ်းပိတ်လို့ ရွှေဘိုမြို့ဘက်ကို ပြန်သွားတဲ့ကားနဲ့ ပြည်သူတွေကိုလည်း ရွှေဘိုမှာရှိတဲ့ လေ့ကျင့်ရေး ၈ တပ်ကနေ ပေါ်တာဆွဲ ငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပြီး ရွေးကောက်ပွဲအလွန်မှ ကားတွေ ဖြတ်သန်းခွင့်ပေးမယ်လို့ ကြားသိရကြောင်း ခရီးသွားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013