DVB Logo
Home
မြန်မာသတင်း
မိန်းကလေးများအား တရုတ်မယားအဖြစ် လက်ထပ်ခိုင်းသူများကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်
DVB
·
December 27, 2025
မိန်းကလေးများအား တရုတ်မယားအဖြစ် လက်ထပ်ခိုင်းသူများကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်
Donate to DVB

မိန်းကလေးတွေကို တရုတ်မယားအဖြစ် လက်ထပ်စေဖို့ ကြိုးစားခဲ့သူတွေကို အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တယ်လို့ စစ်ကောင်စီဩဇာခံ ပြန်ကြားရေးဌာနသတင်းမှာ ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မျှော့တော‌ကျေးရွာနေ အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို လောက်ကိုင်မြို့က အကင်ဆိုင်မှာ အလုပ်လုပ်ဖို့ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၂၁၊ မိုးကြိုးရွာမကြီးနေ မနှင်းနွယ်ဦးနဲ့ မနှင်းနှင်းရွှေတို့က တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၂၁၊ လေးအိမ်စုကျေးရွာက မမာမာဝင်းနဲ့ ချိတ်ဆက်ပြီး မမာမာဝင်းရဲ့ ယောကျ်ား ကိုပြည့်ဖြိုးအောင် က တဆင့် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်တုန်းကလဲဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားဘဲ အဲဒီမိန်းကလေးဟာ လောက်ကိုင်မြို့က အမည်မသိ ရခိုင်အမျိုးသမီး နေထိုင်တဲ့အဆောင်ကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်လို့ပြောတာကို မယူချင်ကြောင်း ငြင်းတာကြောင့် မူဆယ်မြို့က ကိုအေးကျော်ဌေး (ခ)ဗူးသီး ဆီကို ဆက်ပြီးပို့လိုက်တယ်လို့ ဆိုပါတယ်။

ကိုအေးကျော်ဌေး ကလည်း တရုတ်နိုင်ငံ၊ ရွှေလီမြို့က တရုတ်အမျိုးသား တယောက်ဆီကို ပို့ပေးမှာဖြစ်ပြီး တရုတ်ယောက်ျားယူရင် ယွမ် ၁,၀၀၀ ပေးမယ်လို့ပြောတာကြောင့် ထွက်ပြေးလာပြီး တည်းခိုခန်းတခုမှာ တည်းနေတုန်း သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ မန္တလေးမြို့ကို ပြန်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အဲဒီနောက် အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)က တရားလိုလုပ် တိုင်တန်းခဲ့ပြီး ပြင်ဦးလွင်မြို့မရဲစခန်းမှာ (ပ)၂၁၈/ ၂၀၁၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှာတော့ ပြင်ဦးလွင်ခရိုင်တရားရုံးက မနှင်းနွယ်ဦး၊ မနှင်းနှင်းရွှေနဲ့ ကိုပြည့်ဖြိုးအောင်တို့ကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိမ်းရှောင်နေသူတွေဖြစ်တဲ့ မမာမာဝင်းနဲ့ ကိုအေး‌ကျော်ဌေး တို့ကိုတော့ တရားခံပြေးအဖြစ် ကြေညာပြီး သူတို့ပိုင်ဆိုင်တာတွေသိမ်းဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ လောက်ကိုင်မြို့မှာတွေ့ခဲ့ရတဲ့ အမည်မသိ ရခိုင်အမျိုးသမီးကိုတော့ နေရပ်လိပ်စာစုံစမ်းမရတာကြောင့် ဘာမှမလုပ်နိုင်သေးဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ အသက် ၂၂ နှစ်အရွယ် မိန်းကလေးဟာ မူဆယ်-မန္တလေးကားပေါ်မှာခင်မင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာနေ မစံပယ်ထူး(ခ)မီးမီးက တရုတ်နိုင်ငံမှာ အလုပ်လုပ်ရင် ၅ လမှာ ကျပ်သိန်း ၁၀၀၊ လစဉ် ကျပ်သိန်း ၅၀ ရမယ်လို့ စည်းရုံးတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ လွယ်ဝေါကျေးရွာအုပ်စု၊ ကန်မိန်း‌ကျေးရွာနေ မအေးမတ်၊ မအေးညွန့်တို့နဲ့ တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ယုံတိမြို့နယ်၊ လုံရန်မြို့ ဟောရှင်းအုပ်စုလီရှင်းကျေးရွာနေ နိုင်ငံကူးလက်မှတ်အမှတ် EX 9981800 ကိုင်ဆောင်သူ တရုတ်နိုင်ငံသား ကျိုးဝေချန့်တို့နဲ့ မန္တလေးမြို့က နေအိမ်တခုမှာ တွေ့ဆုံပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့က ကြိုတင်ငွေတွေထုတ်ပေးပြီး တရုတ်မယားအဖြစ် တရုတ်နိုင်ငံကိုသွားဖို့ မြဝတီမြို့မှာ ပတ်စ်ပို့ လုပ်ခိုင်းသလို တရုတ်ယောက်ျားမယူရင် ယွမ် ၁၅,၀၀၀ ပေးလျော်ရမယ်လို့ ခြိမ်းခြောက်ပြောဆို ရိုက်နှက်တာ၊ အမည်မသိတရုတ်အမျိုးသားတွေနဲ့ ပေါင်းသင်းနေထိုင်စေတာတွေ စိစစ်ပေါ်‌ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုကို အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) က တရားလိုလုပ်တိုင်တန်းခဲ့ပြီး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းမှာ (ပ)၄၄/၂၀၁၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှာ မဟာအောင်မြေခရိုင်တရားရုံးက မစံပယ်ထူး(ခ)မီးမီး၊ မအေးမတ်နဲ့ မအေးညွန့်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နဲ့ထောင်ဒဏ်နှစ် ၂၀ စီ၊ တရုတ်နိုင်ငံသား ကျိုးဝေချန့် ကိုတော့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013