DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာမြေကို အသက်ရှူကျပ်စေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ
DVB
·
December 27, 2025
ကမ္ဘာမြေကို အသက်ရှူကျပ်စေတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ
Donate to DVB

ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေက ကမ္ဘာမြေကို အသက်ရှူကျပ်လာနေစေပြီး ဒါကို ဖြေရှင်းဖို့ ပြန်လည်အသုံးပြုတဲ့နည်းလမ်း (Recycling) တခုတည်းနဲ့တင် မလုံလောက်တော့ဘဲ မလိုအပ်ဘဲ ပလတ်စတစ်အသစ်ထုတ်လုပ်မှုတွေကို လျှော့ချရေးကသာ အဓိကသော့ချက် ဖြစ်လာနေတဲ့ အကြောင်း အမေရိကန်အခြေစိုက် The Pew Charitable Trusts အဖွဲ့က ပြောလိုက်ပါတယ်။

The Pew Charitable Trusts အဖွဲ့က ထုတ်ပြန်တဲ့  “Breaking the Plastic Wave 2025” အစီရင်ခံစာသစ်က ကမ္ဘာ့နေရာအနှံ့အပြားဆီ ပျံ့နှံ့ရောက်ရှိနေတဲ့ ပလတ်စတစ် ညစ်ညမ်းမှု အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ပိုမိုပြင်းထန်တဲ့ သတိပေးချက်ကို ထုတ်ပြန်လိုက်တာပါ။

လတ်တလောမှာတော့ ပလတ်စတစ်ညစ်ညမ်းမှု အကျပ်အတည်းက ကမ္ဘာတဝန်း ကျန်းမာရေး (အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ)၊ ပတ်ဝန်းကျင် (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု) နဲ့ စီးပွားရေး (တဟုန်ထိုးမြင့်တက်လာတဲ့ ပြည်သူ့ကုန်ကျစရိတ်တွေ) ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးနေစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စနစ်တကျ အပြောင်းအလဲတွေ အရေးပေါ် မလုပ်ဆောင်နိုင်ပါက လာမဲ့ ၂၀၄၀ ပြည့်နှစ်မှာ ပလတ်စတစ်ညစ်ညမ်းမှု ၂ ဆကျော် မြင့်တက်လာမှာမို့ မလိုအပ်ဘဲ ပလတ်စတစ်အသစ် ထုတ်လုပ်မှု လျှော့ချဖို့ကို ဦးစားပေးပြီး တခါသုံးမဟုတ်ဘဲ ပြန်လည်ဖန်တီးအသုံးပြုမှုကို ဗဟိုပြုတဲ့ ပတ်လည်စီးပွားရေးစနစ် (Circular Economy) ကို တည်ဆောက်ရမယ်လို့ ဆိုပါတယ်။

တချိန်ကတော့ ပလတ်စတစ်ကို ဈေးနှုန်းသက်သာတာ၊ ပေါ့ပါးတာ၊ ခိုင်ခံ့တာနဲ့ ဘက်စုံ သုံးနိုင်တာတွေကြောင့် ခေတ်မီ အဖိုးတန်ပစ္စည်းအဖြစ် ချီးမွမ်းခဲ့ကြပေမဲ့ ဒီကနေ့မှာတော့ သူက ပတ်ဝန်းကျင်၊ ပြည်သူ့ကျန်းမာရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနေခဲ့တာပါ။

တကယ်လို့ ကမ္ဘာကြီးက အရင်အတိုင်းပဲ ဆက်သွားနေပြီး အရေးပေါ် စနစ်တကျ ပြောင်းလဲမှုတွေ မလုပ်ဆောင်ပါက ကုန်းမြေ၊ ရေထုနဲ့ လေထုအတွင်း စိမ့်ဝင်နေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုက ၂၀၄၀ ခုနှစ် အရောက်မှာတော့ တနှစ်ကို မက်ထရစ်တန်ချိန် သန်း ၂၈၀ အထိ ၂ ဆကျော် မြင့်တက်လာမယ်လို့ ဆိုပါတယ်။ အဆိုပါပမာဏက တစက္ကန့်ကို ပလတ်စတစ် အမှိုက်ကားတစီးစာကို ပတ်ဝန်းကျင်ထဲသို့ စဉ်ဆက်မပြတ် သွန်ချနေတဲ့ ပမာဏနဲ့ တူညီနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပလတ်စတစ်စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး ထိခိုက်မှုတွေဟာလည်း ထိတ်လန့်ဖွယ်အဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ပလတ်စတစ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် ကျန်းမာရေး ထိခိုက်မှုကုန်ကျစရိတ် တခုတည်းတင် တနှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

တချိန်တည်းမှာပဲ ကမ္ဘာတဝန်း နိုင်ငံအစိုးရတွေရဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်း သိမ်းဆည်းမှုနဲ့ စွန့်ပစ်မှုတွေအတွက် အသုံးစရိတ်ဟာ လာမဲ့  ၂၀၄၀ ပြည့်နှစ်မှာ ၃၀ ရာခိုင်နှုန်း မြင့် တက်လာပြီး ဒေါ်လာ ၁၄၀ ဘီလီယံအထိ ရှိလာမယ်လို့ ဖော်ပြထားသလို ဒီဆုံးရှုံးမှုတွေထဲမှာ ပင်လယ်ရေကြောင်း ဂေဟစနစ် ထိခိုက်ပျက်စီးမှုအတွက် တနှစ်ကို ဒေါ်လာ ၅၀၀ ဘီလီယံကနေ ၂ ဒသမ ၅ ထရီလီယံကြားရှိတဲ့ ကုန်ကျစရိတ်တွေကို ထည့်မတွက် ရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

The Pew Charitable Trusts အဖွဲ့ရဲ့ အစီရင်ခံစာက သတိပေးထားတာကတော့ ပလတ်စတစ် ထိန်းချုပ်ရေးကို ၅ နှစ်လောက် နောက်ကျရုံနဲ့ ပြည်သူ့ကုန်ကျစရိတ်ဟာ တနှစ်ကို ဒေါ်လာ ၂၇ ဘီလီယံအထိ မြင့်တက်လာမှာဖြစ်ပြီး ခေတ်နောက်ကျနေပြီဖြစ်တဲ့ အမှိုက်မီးရှို့ဖျက်ဆီးခြင်း နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးရမဲ့ အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။

ပလတ်စတစ်ဟာ စွန့်ပစ်ပစ္စည်းဖြစ်လာမှသာ အန္တရာယ်ပေးတာမဟုတ်ဘဲ ရုပ်ကြွင်း လောင်စာ ထုတ်ယူခြင်းကနေစလို့ ထုတ်လုပ်၊ အသုံးပြုတာနဲ့ စွန့်ပစ်မှုတွေအထိ သက်တမ်းတလျှောက်လုံးမှာ ပျက်စီးမှုတွေကို ဖြစ်စေပြီး ပလတ်စတစ်မှာ တမင်ထည့်သွင်း ထားတဲ့ ဓာတုပစ္စည်းပေါင်း ၁၆,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၂၅ ရာခိုင်နှုန်းကျော်က လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိထားတယ်လို့လည်း ဆို ပါတယ်။

အထူးသဖြင့် အစားအသောက် ထုပ်ပိုးမှုတွေ၊ ကစားစရာတွေနဲ့ အလှကုန်တွေထဲ တွေ့ရလေ့ရှိတဲ့ ဟော်မုန်းစနစ်ကို နှောင့်ယှက်တဲ့ ဓာတုပစ္စည်းတွေက မြုံတာ၊ ကင်ဆာ၊ ဆီးချိုနဲ့ ကလေးသူငယ်တွေမှာ သိမြင်မှုဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ထိန်းချုပ်မှုတွေ အဆောတလျင် မလုပ်ဆောင်ပါက လာမဲ့ ၂၀၄၀ ပြည့်နှစ်မှာ ပလတ်စတစ်ညစ်ညမ်းမှုနဲ့ အမှိုက်တွေကို လဟာပြင်မှာ မီးရှို့တာတွေကြောင့် လူသားတို့ရဲ့ ကျန်းမာတဲ့ သက်တမ်းပေါင်း ၉ ဒသမ ၈ သန်းလောက် ဆုံးရှုံးရနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပလတ်စတစ်က ရာသီဥတု အကျပ်အတည်းကိုလည်း ဖြစ်စေသလို ပလတ်စတစ်အသစ် ထုတ်လုပ်မှုက ဖန်လုံအိမ်ဓာတ်ငွေ့ အမြောက်အမြားကို ထုတ်လွှတ်နေတာပါ။ တကယ်လို့သာ အခုနှုန်းအတိုင်း ဆက်သွားပါက ၂၀၄၀ ပြည့်နှစ်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှု ၅၈ ရာ ခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပြီး ဒါက ဓာတ်ဆီသုံးကား အစီးရေ ၁ ဘီလီယံရဲ့ ထုတ်လွှတ်မှုနဲ့ ညီမျှနေပြီလို့လည်း သတိပေးထားပါတယ်။

ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေတွေက ဆိုးရွားနေပေမဲ့ "စနစ်တခုလုံး အသွင်ကူးပြောင်းရေး" (System Transformation) ကို လုပ်ဆောင်မယ်ဆိုရင်တော့ မျှော်လင့် ချက်ရှိသေးကြောင်းလည်း အစီရင်ခံစာက ဆိုပါတယ်။

ပလတ်စတစ်အသစ် ထုတ်လုပ်မှုကို လျှော့ချတာ၊ ပြန်လည်အသုံးပြုနိုင်တဲ့ စနစ်တွေကို ဒီဇိုင်းထုတ်တာ၊ အမှိုက်သိမ်းဆည်း ခွဲခြားမှုစနစ်တွေ အားကောင်းအောင်လုပ်ဆောင် ခြင်းအားဖြင့် လာမဲ့ ၂၀၄၀ ပြည့်နှစ်မှာတော့ ပလတ်စတစ်ထုပ်ပိုးအမှိုက်တွေကို ၉၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မိုက်ခရိုပလတ်စတစ်ပြဿနာကတော့ စိန်ခေါ်မှုအဖြစ် ကျန်ရှိနေဆဲဖြစ်ကာ ဒါက ပလတ်စတစ်အိတ်တွေကသာမက တာယာပွတ်တိုက်မှုတွေ၊ အဆောက်အအုံနဲ့ သင်္ဘောတွေက ဆေးကွာကျမှုတွေ၊ စိုက်ပျိုးရေးသုံး ပလတ်စတစ်တွေကလည်း ထွက်ရှိနေတယ်လို့ ဆိုပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ပလတ်စတစ် အကြီးစား အသုံးပြုမှုကို လျှော့ချနိုင်ရင်တောင်မှ မိုက်ခရိုပလတ်စတစ်ထွက်ရှိမှုကို မဖြေရှင်းနိုင်ခဲ့ရင် ၂၀၄၀ ပြည့်နှစ်မှာ ညစ်ညမ်းမှုရဲ့  ၉၂ ရာခိုင်နှုန်းက မိုက်ခရိုပလတ်စတစ်တွေ ဖြစ်နေလိမ့်မယ်လို့လည်း The Pew Charitable Trusts အဖွဲ့က သတိပေးလိုက်ပါတယ်။

ဒီအကူးအပြောင်းကို "တရားမျှတသော အကူးအပြောင်း" အနေနဲ့ လုပ်ဆောင်ရမှာဖြစ်သလို ကမ္ဘာတဝန်း အမှိုက်ကောက်သူနဲ့ အလွတ်သဘော ပြန်လည်အသုံးပြုသူ ၁၁ သန်း ကနေ သန်း ၂၀ ကြား ဦးရေကို ချန်လှပ်ထားလို့မရကြောင်းနဲ့  သူတို့ဟာ ပလတ်စတစ်ခွဲ ခြားမှုရဲ့ ၆၀ ရာခိုင်နှုန်းကို လုပ်ဆောင်နေကြပေမဲ့ အကာအကွယ်မဲ့ပြီး မတရားတဲ့ လုပ်ခလစာတွေကိုသာ ရရှိနေကြတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါ့အပြင် ပလတ်စတစ်ပြသနာကို ဖြေရှင်းဖို့ "ဝယ်သည်-သုံးသည်-လွှင့်ပစ်သည်" ဆိုတဲ့ စီးပွားရေးပုံစံကနေ ရေရှည်တည်တံ့တဲ့ ပတ်လည်စီးပွားရေးစနစ်ဆီ ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောထားသလို ဒီလိုပြောင်းလဲခြင်းကြောင့် ပတ်ဝန်းကျင်ကို ကာကွယ်ရုံ သာမက ၂၀၄၀ ပြည့်နှစ်မှာ အလုပ်အကိုင်သစ်ပေါင်း ၈ ဒသမ ၆ သန်းကျော်ကိုလည်း ဖန်တီးပေးနိုင်မယ်လို့လည်း ပြောလိုက်ပါတယ်။

Ref: Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013