
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွာရှည်ကျေးရွာကို ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွာရှည်ကျေးရွာ အရှေ့ဘက် ရာဘာခင်းနားမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးစတွေဟာ ဒေါ်နော်စေးရေဖောရဲ့ ညာဘက်လက်ပြင်ကနေ ရင်အုံ ဖောက်ထွက်သွားပြီး နေရာမှာတင် သေဆုံးသွားတာလို့ ဆိုပါတယ်။
သံတွဲဒေသခံတယောက်က “လေကြောင်းကတော့ မကြာခဏဆိုသလိုပဲ ပစ်နေတာပါပဲ။ ခုရက်ပိုင်းက ပိုစိပ်လာတယ်။ ရေကြောင်းကနေလည်း စစ်အင်အားတိုးချဲ့ပြီး လှမ်းပစ်နေတာ ရှိပါတယ်။ ကျနော်တို့မှာတော့ နေသာနေနေရတာ၊ ရေကြောင်းရော လေကြောင်းရော စိုးရိမ်နေရတာပါပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံတယောက် သေဆုံးပြီး ကိုယ်ဝန်ဆောင်မိခင်တယောက် အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် အာရက္ခတပ်တော် (AA) ကလည်း စစ်တပ်ရဲ့ ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေကို သတိထားဖို့နဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
ကေခိုင်










