DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာ သန်းချီရှိသည့်အနက် ကြိုတင်မဲပေးသူ ထောင်ဂဏန်းသာရှိ
DVB
·
December 25, 2025
ပြည်ပရောက် မြန်မာ သန်းချီရှိသည့်အနက် ကြိုတင်မဲပေးသူ ထောင်ဂဏန်းသာရှိ
Donate to DVB

ပြည်ပနိုင်ငံတွေမှာရောက်ရှိနေကြတဲ့  မြန်မာနိုင်ငံသား သန်းချီရှိပေမဲ့ အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘဲ ကြိုတင်မဲပေးသူ ၅,၀၀၀ ဝန်းကျင်သာ ရှိခဲ့တယ်လို့ ပြည်ပရောက် မြန်မာတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာတွေဆီက ကြိုတင်မဲကို မြန်မာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး အစရှိတဲ့ နိုင်ငံပေါင်း ၅၀ ကနေ ဒီဇင်ဘာလဆန်းမှာ လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုကျော်ဆန်းက “စစ်ကောင်စီလက်အောက်ခံ သံရုံးမှာ မဲပေးကြမဲ့ကိစ္စကို တော်တော်လေး စိတ်ဝင်စားမှုနည်းတာ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ တချို့ အလုပ်သမားတွေ၊ ကျောင်းသူ ကျောင်းသားတွေက နိုင်ငံကူးလက်မှတ်ကိစ္စတွေ၊ သက်တမ်းတိုးကိစ္စတွေမှာ သွယ်ဝိုက်သောနည်းနဲ့ ဖိအားပေးတာတွေ၊ စည်းရုံးတာတွေ ရှိနေသည့်တိုင်အောင် လုံးဝ စိတ်ဝင်စားတာမရှိဘဲ လျစ်လျူရှုထားတာ တွေ့ရတယ်။ ဘယ်လောက်ထိတောင် အခြေအနေဆိုးဝါးလဲဆိုတာ ဒါကိုကြည့်ခြင်းအားဖြင့် မြင်ရပါတယ်။ စိတ်ဝင်စားမှု နည်းပါးတဲ့ အကြောင်းအရင်းကတော့ ပြည်သူလူထုကို ကိုယ်စားမပြုဘဲ စစ်အာဏာရှင်စနစ်ကို သက်တမ်းတိုးဖို့ ကြိုးစားတဲ့ နိုင်ငံရေးပြဇာတ်တခုပဲ ဖြစ်တယ်။ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာ အားလုံး နားလည်ထားကြလို့ပါ” လို့ ပြောပါတယ်။

Media Intelligence Group  (MIG) ရဲ့  စစ်တမ်းအရ ထိုင်းမှာ မြန်မာနိုင်ငံသားပေါင်း ၆ ဒသမ ၈ သန်းကျော် နေထိုင်တယ်လို့ ထုတ်ပြန်ထားပြီး အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့  မြန်မာ ၇ သန်းနီးပါး ရှိနိုင်တယ်လို့  ခန့်မှန်းထားပါတယ်။

ထိုင်းမှာရောက်ရှိနေတဲ့ မြန်မာ ၇ သန်းနီးပါး ရှိနေပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စုစုပေါင်း ကြိုတင်မဲက ၃၀၀ နီးပါးပဲ ရခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရောက် CDM တယောက်ဖြစ်တဲ့ ကိုပြည့်စုံက “ကိုယ့်တဦးစာအနေနဲ့ ပြောရရင်တော့ ကြိုတင်မဲပေးတာတော့ ဖိအားပေးခံရတာ မရှိဘူး။ အဲလိုတော့ မကြုံလိုက်ဘူး။ စာအုပ်တွေလည်း သက်တမ်းတိုးထားပြီးပြီဆိုတော့ နည်းနည်း ကင်းလို့ရသေးတယ်။ မဖြစ်မနေ အရေးပေါ်လိုနေတဲ့ သူတွေတော့ ဖိအားပေးခံရတာ ဖြစ်နိုင်တယ်။ တော်တော်များများကတော့ ဒီနှစ် စစ်တပ် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူး။ ပြည်ပရောက်နေသူတွေကလည်း မဲပေးတာကို ခေါင်းထဲမရှိဘူး။ လက်ရှိမှာတော့ ကြိုတင်မဲပေးတာတွေက အလုပ်မဖြစ်ဘူးလို့ ထင်တယ်” လို့ ပြောပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံပေါင်း ၅၀ က ကြိုတင်မဲ ၅,၀၀၀ လောက်သာ ရတာဖြစ်လို့ ပျမ်းမျှ တနိုင်ငံကို မဲ ၁၀၀ နှုန်းရတဲ့ သဘောရှိကာ ပြည်ပကြိုတင်မဲပေးမှု မှတ်တမ်းတွေအရ ဆယ်ဂဏန်းထက်ပိုတဲ့ မဲပေးတာမျိုး မတွေ့ရဘူးလို့လည်း ပြောဆိုနေကြပါတယ်။

Focal Person - Myanmar Affairs Alliance မလေးရှားမှ ကိုစိုးထက်သိန်းက “လူ ၄၊ ၅ ဆယ်ယောက်လောက်တော့ ပေးပါလိမ့်မယ်။ ဒါကလည်း သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ သံရုံးမိသားစုတွေနဲ့ စစ်ကောင်စီနဲ့ မဖြစ်မနေ ပတ်သက်နေတဲ့ လူမျိုးတွေပဲ ဖြစ်လိမ့်မယ်။ ကျန်တဲ့သူတွေအနေနဲ့ ကြိုတင်မဲပေးဖို့ ပုံစံ-၁၅ သွားဖြည့်တာတို့၊ နာမည်စာရင်း ရှာတာတို့၊ သံရုံးသွားတာတို့ မရှိပါဘူး။ ကြိုတင်မဲပေးမှုအတွက် ပြင်ဆင်ထားတာမျိုး မတွေ့ရပါဘူး” လို့ ပြောပါတယ်။

ပြည်ပရောက်မြန်မာတွေ ပေးခဲ့တဲ့ ကြိုတင်မဲတွေကို စစ်ကောင်စီသြဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လက်ထဲ ရောက်ရှိခဲ့ပေမဲ့ အရေအတွက်ကို အသိပေး ထုတ်ပြန်တာ မရှိဘဲ ထိမ်ချန်ထားပါတယ်။

အရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွေအရ ပြည်ပကြိုတင်မဲ လက်ခံရရှိမှု အနေနဲ့ စစ်အစိုးရက စီစဥ်ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၀,၀၀၀ နီးပါးနဲ့ NLD အစိုးရရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကြိုတင်မဲ ၁ သိန်းခွဲလောက် ရရှိခဲ့ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013