
တရုတ်ပြည်မကြီးအစိုးရဟာ ပေကျင်းမြို့တော်မှာ အိမ်ထောင်စုစာရင်း မရှိသူတွေ ဒါမှမဟုတ် အိမ်ထောင်စု မှတ်ပုံတင်မရှိတဲ့ ဒေသခံမဟုတ်တဲ့ မိသားစုတွေအတွက် အိမ်ဝယ်ဖို့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီး ကလေးများတဲ့ မိသားစုတွေအတွက် အိမ်ဝယ်ယူရာမှာ ပံ့ပိုးပေးဖို့ မူဝါဒအသစ်တခုကို ဒီဇင်ဘာ ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အိမ်ခြံမြေကဏ္ဍကို တည်ငြိမ်စေပြီး ဒေသခံတွေရဲ့ အိမ်ရာလိုအပ်ချက် တွေကို ပိုကောင်းကောင်း ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ မြူနီစပယ်အစိုးရက ပြောပါတယ်။
ဒေသခံမဟုတ်တဲ့ မိသားစုတွေအနေနဲ့ ပဉ္စမမြို့ပတ်လမ်းအတွင်းထဲမှာ အိမ်ဝယ်ဖို့ အစိုးရက လူမှုအာမခံ ဒါမှမဟုတ် တဦးချင်း ဝင်ငွေခွန် ပေးဆောင်မှုမှတ်တမ်းတွေအတွက် လိုအပ်တဲ့ကာလကို ၃ နှစ်ကနေ ၂ နှစ်အထိ လျှော့ချပေးပြီး ပဉ္စမမြို့ပတ်လမ်း ပြင်ပက အိမ်တွေအတွက်ကတော့ အချိန်ကာလကို ၂ နှစ်ကနေ တနှစ်အထိ လျှော့ချပေးပါတယ်။
ကလေး ၂ ယောက် ဒါမှမဟုတ် ၂ ယောက်ထက်ပိုတဲ့ မိသားစုတွေဟာ ပဉ္စမမြို့ပတ်လမ်းအတွင်း နောက်ထပ် အိမ်တလုံး ဝယ်ယူခွင့်ပြုထားပါတယ်။
အထူးသဖြင့် ဒေသခံဖြစ်ပြီး ကလေးတွေအများကြီးရှိတဲ့ မိသားစုတွေဟာ အိမ် ၃ လုံးအထိ ဝယ်ယူနိုင်ပြီး ဒေသခံမဟုတ်တဲ့ ကလေးအများကြီးရှိတဲ့ မိသားစုတွေဟာ အိမ် ၂ လုံးအထိ ဝယ်ယူနိုင်ပါတယ်။
ငွေကြေးအဖွဲ့အစည်းတွေဟာ အိမ်ရာချေးငွေအတိုးနှုန်းတွေကို သတ်မှတ်တဲ့အခါ ပထမနဲ့ ဒုတိယအိမ်တွေကို ခွဲခြားတော့မှာမဟုတ်ဘဲ ဈေးကွက်ယန္တရားတွေနဲ့ အန္တရာယ် အကဲဖြတ်ချက်တွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
ဒုတိယအိမ်ဝယ်ဖို့ အိမ်ရာထောက်ပံ့ရေး ရန်ပုံငွေချေးငွေတွေကို သုံးပြီး လျှောက်ထားသူတွေ အတွက် ကနဦးပေးချေမှုအချိုးကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ ချိန်ညှိပေးမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုရဲ့ ထိရောက်မှုကို မြှင့်တင်ဖို့ အိမ်ခြံမြေစီမံကိန်းအသစ်တွေအတွက် လုပ်ထုံးလုပ်နည်းတွေကို ပိုကောင်းအောင်လည်း ဆောင်ရွက်နေပါတယ်။
Source: Reuters











