
လစ်ဗျားစစ်ဦးစီးချုပ်နဲ့ တခြား ၇ ယောက် လိုက်ပါခဲ့ပြီး ပျက်ကျခဲ့တဲ့ ဂျက်လေယာဉ်ပေါ်က အသံမှတ်တမ်းတင်စက်နဲ့ Black box ကို တူရကီနိုင်ငံ အန်ကာရာမြို့ ဆင်ခြေဖုံးမှာ ရှာတွေ့ခဲ့တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
လေယာဉ်ပျက်ကျရာမှာ သေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေ အပါအဝင် လူ ၂၂ ယောက်ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တူရကီမြို့တော် အန်ကာရာကို ရောက်လာပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ထပ်ပြောခဲ့ကြတဲ့အကြောင်း ဝန်ကြီးက လေယာဉ်ပျက်ကျတဲ့နေရာနားမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။
ပုဂ္ဂလိကဂျက်လေယာဉ်ဟာ လျှပ်စစ်ချို့ယွင်းမှု ဖြစ်ခဲ့တယ်လို့ သတင်းပို့ခဲ့ပြီး အန်ကာရာမြို့တော်နားမှာ ပျက်မကျခင် မကြာမီ အရေးပေါ်ဆင်းသက်ခွင့်ပြုဖို့ တောင်းဆိုခဲ့တယ်လို့ တူရကီ ဆက်သွယ်ရေးအကြီးအကဲက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။
ဒတ်ဇော့ ဖယ်လ်ကွန် ဖစ်ဖ်တီး ဂျက်လေယာဉ်ဟာ အန်ကာာမြို့တော်က အဲ့ဆန်ဘိုဂါ လေဆိပ်ကနေ အင်္ဂါညနေက ပျံတက်ပြီး လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ဆီ ဦးတည် ပျံသန်းနေချိန် လျှပ်စစ်ချို့ယွင်းတဲ့ အရေးပေါ်အခြေအနေတရပ်အတွက် လေကြောင်းထိန်းချုပ်ရေးဌာနဆီ အကြောင်းကြားခဲ့တယ်လို့ ဘူဟန်နက်တင် ဒူရန်က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
လေယာဉ်အမှုထမ်း ၃ ယောက် အပါအဝင် လူ ၈ ယောက် လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တယ်လို့ လစ်ဗျားနဲ့ တူရကီ အရာရှိတွေက ပြောခဲ့ပါတယ်။
Source: Reuters











