DVB Logo
Home
မြန်မာသတင်း
ပြည်သူများအား အကြမ်းဖက် မဲပေးခိုင်းမှု ရပ်တန့်ရန် စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို
DVB
·
December 24, 2025
ပြည်သူများအား အကြမ်းဖက် မဲပေးခိုင်းမှု ရပ်တန့်ရန် စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်တပ်က ဖိအားပေးကျင်းပမဲ့ ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံမှာ ဖိနှိပ်မှု၊ ခြိမ်း ခြောက်မှုနဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာနေပြီး ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးမှုတွေအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ရှုတ်ချလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ခုလိုပြောလိုက်တာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို မဲပေးခိုင်းဖို့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ သုံးနေတာကို ရပ်တန့်ဖို့ တောင်းဆိုလိုက်သလို “သဘောထားကွဲလွဲတဲ့ အမြင်တွေကို ဖော်ပြတဲ့အတွက် လူတွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ရမယ်” လို့လည်း သူက ပြောလိုက်တာပါ။

ဒါ့အပြင် ဗော်လ်ကာတာ့ခ်က “ဒီရွေးကောက်ပွဲတွေဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ကျင်းပနေတာ ထင်ရှားပါတယ်။ ပြည်သူတွေ လွတ်လပ်ပြီး အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်ဖို့အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ဒါမှမဟုတ် ငြိမ်းချမ်းစွာ စုဝေးခွင့်တွေအတွက် အခြေအနေမရှိဘူး” လို့လည်း ကောက်ချက်ချခဲ့ပါတယ်။

မြန်မာစစ်အာဏာပိုင်တွေက ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဆိုပါ ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ပါတယ်။ 

ဒီဥပဒေရဲ့ အမည်အပြည့်အစုံကတော့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”ဖြစ်ပြီး မြန်မာပြည်သူတွေကြားမှာ တော့ ရွေးကာဥပဒေလို့ လူသိများပါတယ်။

ဒီဇင်ဘာ ၂၈ ရက် စတင်မဲ့ ပထမပိုင်း မဲပေးပွဲမတိုင်မီ သီတင်းပတ်တွေမှာ ဒီဥပဒေကို လက်နက်သဖွယ် အသုံးချပြီး လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေ၊ သဘောထား မှတ်ချက်တွေနဲ့ Message တွေကိုပါ ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေကာ စစ်ကောင်စီ ထိန်းချုပ်မီဒီယာတွေရဲ့ အဆိုအရ ဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး “ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှု” နဲ့ လူပေါင်း အနည်းဆုံး ၂၂၉ ယောက် တရားစွဲခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ ရုပ်ရှင်ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ လူရွှင်တော် အုန်းဒိုင်းတို့လို ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး စတစ်ကာတွေ လိုက်ကပ်သူတွေ ပါဝင်နေသလို ပြီးခဲ့တဲ့ စက်တင်ဘာလက ရှမ်းပြည်နယ်မှာ အမျိုးသားတယောက် ရွေးကောက်ပွဲကို ဝေဖန်လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

ဒီဇင်ဘာလအစောပိုင်းမှာလည်း ရန်ကုန်အနီးမှာ အမျိုးသားတယောက်က မဲပေးပွဲကို ရှုတ်ချတဲ့ Facebook ပေါ်က စာတစောင်ကြောင့် အဖမ်းခံခဲ့ရပြီး နောက်တယောက် ကတော့ ရွေးကောက်ပွဲ ကြော်ငြာဆိုင်းဘုတ်ကို ဖျက်ဆီးလို့ အဖမ်းခံခဲ့ရတယ်လို့ AI အဖွဲ့က အခုရက်ပိုင်းမှာတင် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် IDP စစ်ရှောင်စခန်းတွေမှာလည်း အကူအညီတွေ ဖြတ်တောက်ခံရမယ်လို့ ခြိမ်းခြောက်ပြီး မဲပေးခိုင်းတဲ့ ဖိအားပေးမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်းလည်း ဖော်ပြပါတယ်။

AI အဖွဲ့ရဲ့ သုတေသီ ဂျိုးဖရီးမန်းကတော့ လတ်တလောမှာ ပြည်သူအများအပြားဟာ ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေကြပြီး အချိန် ၅ နှစ်ကြာ အရပ်သားတွေကို တရားမဝင် သတ်ဖြတ်နေသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတွေကနေ ကင်းလွတ်ပြီး အာဏာတည်မြဲသွားမှာကို စိုးရိမ်နေကြတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

လတ်တလောမှာတော့ စစ်တပ်က တဖက်သတ်ကျင်းပမဲ့ ရွေးကောက်ပွဲကို တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ အသံတိတ်သပိတ် ဆင်နွှဲပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013