DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို ရခိုင်ပြည်နယ်နှင့် ရန်ကုန်တွင် ကျင်းပ
DVB
·
December 15, 2014
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို  ရခိုင်ပြည်နယ်နှင့် ရန်ကုန်တွင် ကျင်းပ
1 / 7
Donate to DVB

ရခိုင်ပြည်နယ်မှာ ပြန်လည်ရရှိထားပြီဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းပြီး ဒေသနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတွေ ကြိုးပမ်းဖော်ဆောင်ကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါ တယ်။

နှစ် ၄၀ ပြည့်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပေးပို့တဲ့ သမ္မတ သ၀ဏ်လွှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ရခိုင်ပြည်သူတွေ မျှော်လင့်တောင်းတနေတဲ့ ရခိုင်ပြည်နယ်အနှံ့အပြား မဟာဓာတ်အား လိုင်းမှ လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် အဝေးပြေးလမ်းတွေနဲ့ ပြည်နယ်တွင်းလမ်းတွေကိုလည်း တိုးချဲ့ဆောင်ရွက် ပေးနေတဲ့အပြင် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းကိုလည်း ဆက်လက် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတယ်”လို့ ပါရှိပြီး ဖွံ့ဖြိုးရေး ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်ဟာ ချင်းပြည်နယ်ပြီးရင် မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံးပြည်နယ် ဖြစ်ခဲ့ရာက ဒီနှစ်လည်ပိုင်းကစလို့ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီးကို စတင်ရရှိလာတာ ဖြစ်ပါတယ်။ အရင်က ပုဂ္ဂလိက မီတာ ၁ ယူနစ်ကို ပျမ်းမျှကျပ် ၅၀၀ နဲ့ တစ်ရက်ကို ၄ နာရီခန့်သာ  သုံးစွဲနိုင်ရာကနေ ဒီနှစ်လည်ပိုင်းကစလို့ မြိုနယ်တချို့မှာ မြေပြန့်နည်းတူ အစိုးရဈေးနှုန်း အိမ်သုံး ၃၅ ကျပ်၊ လုပ်ငန်းသုံး ၇၅ ကျပ်နှုန်းနဲ့ အချိန်ပြည့် သုံးစွဲခွင့်ရလာတာဖြစ်ပါတယ်။

လျှပ်စစ်မီးကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရတာမှန်ပေမယ့် ဒေသခံ လွှတ်တော်အမတ်တွေ ကတော့ အခြေခံအဆောက်အဦ နောက်ကျကျန်ရစ်တာ ၁၀ စုနှစ်ချီ ကြာမြင့်တာကြောင့် အိမ်တွင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက်တောင် အတော် ကြိုးစားယူရဦးမယ်လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်သန်းလှိုင်က   အစိုးရက ရခိုင်တပြည်လုံးကို မီးပေးမယ်ဆိုပြီး ဒီကနေ့ ကြေညာခဲ့တဲ့အပေါ်  ထူးခြားချက်အဖြစ် ရှုမြင်ပါတယ်။

သူက “ဒီနေ့ ကျနော်တို့ကတော့ ရခိုင်ပြည်အတွက် ထူးခြားတဲ့နေ့တနေ့ ဖြစ်မယ်ဗျာ။ ဘာလို့လဲဆိုတော့ အစိုးရကပြောတယ်လေ ကျနော်တို့ ရခိုင်ပြည်တောင်ပိုင်း အမ်းမြို့အထိတော့ မီးတွေ ပေးနေပြီးပေါ့။ ဒီဇင်ဘာ ၃၁ ရက်နေ့ကို ရခိုင်တပြည်နယ်လုံး မီးပေးမယ်လို့ အစိုးရက ကြေညာထားတာဆိုတော့ ကျနော်တို့ မီးမရှိတဲ့ ရခိုင်ပြည်သူအတွက်တော့ ဒီနှစ်ဟာ  အထူးနှစ် ဖြစ်တယ်လို့ ကျနော်မြင်တယ်လေ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စစ်တွေ၊ ကျောက်တော်အပါအ၀င် ရန်ကုန်မြို့မှာလည်း ကျင်းပကြပါတယ်။

စစ်တွေမြို့ ရခိုင်အမျိုးသားပါတီဥကဌ ဦးသာလုရွှေက  “လျပ်စစ်ကလည်း လူနေမှု စိတ်ဓာတ်တွေကို ပြောင်းလဲတဲ့အထဲမှာ အဓိကပါတယ်ဆိုတော့ ရခိုင်ပြည်နယ်က တယူနစ်ကို ၅၀၀၊ ၆၀၀ အဲလို ၀ယ်ပြီးသုံးနေရတဲ့အထဲမှာ အခုဆို ၃၅ ကျပ်နဲ့ဆိုရင် ဒါ အများကြီး သက်သာပြီးတော့ အကြီးစား၊ အလတ်စား စက်မှုကဏ္ဍတွေလည်း တိုးတက်လာမှာပေါ့လေ။ ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီးတော့ ကျောက်ဖြူစက်မှုအထူးဇုန်ရယ်၊ ပုဏ္ဏားကျွန်းစက်မှုဇုန်ရယ် တွေကတော့ အကောင်အထည်ဖော်လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

စစ်တွေပွဲကို ပြည်ထောင်စုအစိုးရ ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးသိမ်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီတို့လာရောက်ကြတယ်လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ   ရခိုင်ပြည်နယ်နေ့အတွက် သမ္မတနဲ့ လွှတ်တော်ကပေးပို့တဲ့ သ၀ဏ်လွှာတွေကို ရရှိဖတ်ကြား သလို ကဗျာရွှတ်ဆိုပြိုင်ပွဲတို့ စာစီစာကုံးပြိုင်ပွဲ စတဲ့ပျော်ပွဲရွှင်ပွဲအား ကစားတွေလည်း ကျင်းပခဲ့တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က တိုင်းရင်းသားကျေးရွာမှာလည်း  မနေ့နဲ့ ဒီနေ့ ၂ ရက် ရခိုင်ပြည်နယ်နေ့ ကျင်းပရာမှာ  ရခိုင်ရိုးရာပြိုင်ပွဲတွေ၊ ဈေးရောင်းပွဲတွေပါဝင်ပါတယ်။

၁၉၇၄ ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နေ့အဖြစ် သတ်မှတ်ပြီး ၁၉၇၅ မှာ ပထမဆုံး အကြိမ် အခမ်းအနား စတင်ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ  ချင်းပြည်နယ်ပြီးရင် ဒုတိယမြောက် ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးပြည်နယ်ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် နစ်နာဆုံးရှုံးမှုများခဲ့သလို သောင်းပေါင်းများစွာသော ဒုက္ခသည်တွေရဲ့ ၀န်ကို ထမ်းထား ရဆဲဖြစ်ပါတယ်။

[gallery ids="73870,73871,73872,73873,73874,73875,73876"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013