DVB Logo
Home
မြန်မာသတင်း
အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီဟုဆို 
DVB
·
December 24, 2025
အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီဟုဆို 
Donate to DVB

ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ထိခိုက်ကျဆင်းခဲ့ရတဲ့ အသေးစား ငွေရေးကြေးရေး (Microfinance) လုပ်ငန်းတွေဟာ ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလနောက်ပိုင်းမှာ ပြန်လည်ကောင်းမွန်လာပြီလို့ စစ်ကောင်စီက ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်မှာလုပ်တဲ့ လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီခန့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာကံဇော်က အခုလို ပြောကြားခဲ့တာပါ။

လက်ရှိမှာ တိုင်းနဲ့ပြည်နယ် ၁၅ ခုလုံးက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအထိ အသင်းဝင်ဦးရေ (ချေးငွေရယူသူ) ၂ ဒသမ ၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေနိုင်ပြီလို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

လုပ်ငန်းဆောင်ရွက်မှု ပမာဏဟာ အတိုင်းအတာတခုအထိ ကျဆင်းခဲ့ပေမဲ့ ဒီနှစ် မတ်လနောက်ပိုင်း ဧပြီလကစပြီး အခြေအနေ ပြန်ကောင်းလာတယ်လို့ သုံးသပ်ထားတာပါ။

ကမ္ဘာ့ဘဏ်က ၂၀၂၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ MICRO-FINANCE / MACRO-CHALLENGES အစီရင်ခံစာထဲမှာတော့ အသေးစားချေးငွေ ဝန်ဆောင်မှုလုပ်ငန်းဟာ ၂၀၁၂ ခုနှစ်ကစပြီး အရှိန်အဟုန်နဲ့ တိုးတက်ခဲ့ကာ ၂၀၂၀ ခုနှစ်မှာ အသင်းဝင်ဦးရေ ၆ သန်းအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါက်တာကံဇော်က ကုန်ကျစရိတ်တွေကို လျှော့ချဖို့ နည်းလမ်းရှာပြီး အသင်းဝင်တွေဆီက ကောက်တဲ့ အတိုးနှုန်း လျှော့ပေးဖို့လည်း ပြောပါတယ်။

ဒါ့အပြင် ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း (AML/CFT) ကိစ္စများဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းတွေ လိုက်နာဖို့၊ အွန်လိုင်းလိမ်လည်မှုတွေရဲ့ အသုံးချတာ မခံရစေရေးနဲ့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စတွေကိုလည်း အလေးထားကြဖို့ သတိပေးခဲ့ပါသေးတယ်။

အစည်းအဝေး ဆုံးဖြတ်ချက် အနေနဲ့ကတော့ ပြည်တွင်းကုမ္ပဏီတခုနဲ့ ပြည်ပကုမ္ပဏီတခုကို လုပ်ငန်းလိုင်စင်အသစ် ချပေးခဲ့သလို ကုမ္ပဏီနှစ်ခုကိုလည်း ကော်ပိုရိတ် အသက်အာမခံ ကိုယ်စားလှယ်အဖြစ် တွဲဖက်လုပ်ကိုင်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာ စည်းမျဉ်းတွေ တင်းကျပ်လိုက်ပြီး အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်မှာ အစိုးရလက်ကို လွှဲပြောင်းပေးဖို့ သဘောမတူညီရင် အသေးစားငွေချေး စီးပွားရေးလုပ်ငန်းအနေနဲ့ မှတ်ပုံတင်ခွင့်မပေးလို့ ငွေချေးလုပ်ငန်း Pact Global Microfinance Fund (PGMF) ဟာ ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ပါတယ်။

PGMF ဟာ ချေးငွေ ရယူသူပေါင်း ၂ ဒသမ ၃ သန်းကို ၂၅ နှစ်ကြာ ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၅၆ သန်းနဲ့ ညီမျှတဲ့ ချေးငွေတွေကိုလည်း‌ လျှော်ပေးကာ မြန်မာနိုင်ငံက ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013