DVB Logo
Home
နိုင်ငံတကာ
အာဆီယံအစည်းအဝေး၌ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်ရေး သဘောတူချက်မရှိ
DVB
·
December 23, 2025
အာဆီယံအစည်းအဝေး၌ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်ရေး သဘောတူချက်မရှိ
Donate to DVB

လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ဖြေရှင်းရေးနဲ့ အပစ်ခတ်ရပ်စဲဖို့ ဒီဇင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးစည်းဝေးပွဲမှာ ဆွေးနွေးခဲ့ပေမဲ့ တစုံတရာ သဘောတူညီချက် ပူးတွဲထုတ်ပြန်ချက်တွေ မရှိခဲ့ဘူးလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါအစည်းအဝေးကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ အနေနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး  မိုဟာမက်ဟာဆန်က ဦးဆောင်ကျင်းပပြီး အာဆီယံအသင်းကြီးဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထူထောင်ထားတာဖြစ်တယ်၊ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကိုတော့ မစွက်ဖက်ပါ၊ ဒါပေမဲ့ အပစ်ခတ်ရပ်စဲရေး ဒေသတွင်း ငြိမ်းချမ်းရေးကို လိုလားတယ်၊ အပစ်အခတ်ရပ်ဖို့ ဒီနှစ် ဇူလိုင် ၂၈ နဲ့ အောက်တိုဘာ ၂၆ က ကွာလာလမ်ပူကနေ သဘောတူချက်တွေ ရခဲ့ပေမဲ့ တိုက်ပွဲဖြစ်နေဆဲပဲ၊ ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် မိမိစောင့်ရှောက်ရမဲ့ နှစ်ဖက်ပြည်သူတွေ ကျယ်ပြန့်စွာ နစ်နာဆုံးရှုံးမှုတွေကို ထည့်တွက်စေချင်တယ်၊ ဒါကြောင့် နှစ်နိုင်ငံလုံး အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ အခွင့်အလမ်းဖွင့်ကြဖို့ တိုက်တွန်းတယ်၊ နှစ်နိုင်ငံလုံး ကမ္ဘာကြီးရဲ့ မျက်စိအောက်မှာ ဖွံ့ဖြိုးတိုးတက်လာတယ်။ နှစ်နိုင်ငံလုံးပဲ မိမိရဲ့စိန်ခေါ်မှု အခက်အခဲတွေ အတူတကွ ကျော်လွှားနိုင်ရမယ်လို့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး  ဆီဟဆတ် ဖွန်ကတ်ကယောက်က ထိုင်းနိုင်ငံအနေနဲ့ အရင်က သဘောတူချက်ရထားတဲ့ လက်နက်ကြီးတွေ ဖြုတ်သိမ်းဖို့၊ မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖို့၊ ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ နှိမ်နင်းဖို့၊ ကျူးကျော်နယ်မြေရှင်းလင်းဖို့ စတဲ့အချက်တွေ လိုက်နာခဲ့ကြောင်း ပြောပါတယ်။

လက်ရှိ ပစ်ခတ်မှုတွေ ရပ်စဲဖို့အတွက် ဒီမတိုင်ခင်က အဆိုပြုထားတဲ့အတိုင်း  ကမ္ဘောဒီးယားဘက်က စတင်အပစ်ခတ်ရပ်ကြောင်း ကြေညာဖို့၊ အမှန်တကယ်ပစ်ခတ်မှုရပ်စဲပြီး အမြဲတမ်းရပ်စဲသွားဖို့နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ စတာတွေ ပြန်ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဖတ်ခ်ဆုခ်ဟွန်း ကလည်း ကမ္ဘောဒီးယားဘက်ကနေ ဒီဇင်ဘာ ၂၂ ရက် ည ၁၀ နာရီနောက်ပိုင်း အပစ်ခတ်ရပ်မယ်လို့ ပြောတယ်၊ ထိုင်းဘက်ကတော့ အပစ်ရပ်တာ စာရွက်ပေါ်ကြေညာရုံနဲ့တင် မပြီးဘဲ နှစ်ဖက်လုံး ဆွေးနွေးညှိနှိုင်းပြီး ယုံကြည်မှုနဲ့ သဘောတူချက် ရပြီးမှ ထုတ်ပြန်ကြေညာဖို့ ပြောတယ်။ ဒါကြောင့် လာမဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထပ်မံဆွေးနွေးဖို့ သဘောတူတယ်။ ကမ္ဘောဒီးယားဘက်က  မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ တွေ့ဖို့ အဆိုပြုတယ်၊ ထိုင်းဘက်ကတော့ ပဋိပက္ခ ဖြစ်နေတဲ့ နှစ်ဖက်အချင်းချင်းသာ တွေ့ဆုံဖို့ ပြောပါတယ်။

အဲဒီနောက် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်ဖက် ကာကွယ်ရေးဝန်ကြီးတွေ ဦးဆောင်ပြီး အထွေထွေ နယ်စပ်ကော်မတီ  (GBC) အဆင့်နဲ့ ထိုင်းနိုင်ငံ၊ ကျန်ထပူရီခရိုင်၊ ဘန့်လဲမ်မြို့နယ်မှာ ဒီဇင်ဘာ ၂၄ ရက်မှာ ဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့  ဆိုပါတယ်။

မနေ့က ၂ နာရီကြာ ကျင်းပသွားတဲ့ အာဆီယံဝန်ကြီးများ အထူးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်ကတော့ ဗွီဒီယိုကွန်ဖရန့်နဲ့သာ အွန်လိုင်းက ပါဝင်ခဲ့တယ်လို့  ချန်နယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံမှာ အပစ်အခတ်ရပ်ရေး ဆွေးနွေးနေတဲ့ ဒီဇင်ဘာ ၂၂ ရက်မှာပဲ ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ဆီစကစ်၊ ဆူရင်းနဲ့ ဆာကယောက် ခရိုင် ၃ ခုတွင်းမှာ ပစ်ခတ်မှုတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

နှစ်ဖက်လုံး လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေပါသုံးပြီး ပစ်ခတ်တယ်၊ ထိုင်းဘက်က ရွာသားနေအိမ်နဲ့ စပါးကျီတွေ မီးလောင်တယ်။ ထိုင်းစစ်သည်တယောက် ထပ်မံကျဆုံးတယ်။ ထိုင်းတိုက်လေယာဉ်ကလည်း ကမ္ဘောဒီးယားဘက်ခြမ်းက ကျားဖြန့်တွေရှိတဲ့ တိုက်တာ အဆောက်အအုံတွေကို ဗုံးကြဲခဲ့တယ်လို့  ဆိုပါတယ်။

ဒီဇင်ဘာ ၈ ရက်က စတင်တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း ခရိုင် ၄ ခုရှိ ပြည်သူ ၂၂၇,၄၆၈ ယောက်ဟာ ဒီနေ့တိုင် စစ်ဘေး‌ရှောင်စခန်း ၈၇၃ ခုမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ ဥဘွန်းရာ့ချ်ဌာနီ ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၂၂ မှာ ထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားသတင်းမှာတော့ ဒီဇင်ဘာလအတွင်း သီတင်း ၂ ပတ်ကြာမြင့်တဲ့ တိုက်ပွဲမှာ ထိုင်းဘက်က ၂၃ ယောက်၊ ကမ္ဘောဒီးယားဘက်က ၂၁ ယောက် သေဆုံးခဲ့တယ်၊ နှစ်ဖက်နိုင်ငံက ပြည်သူ ၉ သိန်းလောက် စစ်ဘေးဒဏ်သင့်ခဲ့ရတယ်လို့ ရေးသားဖော်ပြပါတယ်။ 

Source: 3Plus News / Today News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013